၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်နဲ့ ဝါရှင်တန်မှာ လူသုံးထောင်နီးပါး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံဖြတ်ကျော် အကြမ်းဖက်ဝါဒအတွက် အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီဂယက်ကို အရှေ့တောင်အာရှမှာလည်း ခံစားခဲ့ရပါတယ်။ အယ်လ်ကိုင်းဒါးနဲ့ အချိတ်အဆက်ရှိတဲ့ ဂျမား အစ္စလာမ်မီးယား အကြမ်းဖက်ကွန်ရက်ဟာ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းက နိုက်ကလပ်နှစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။
စနစ်တကျ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်ကွန်ရက်တွေရဲ့ ခြိမ်းခြောက်မှုဟာ ၂၀၀၀ ပြည့်လွန်နှစ်တွေ တစ်လျှောက် ဒေသတွင်း အစိုးရတွေကို ရင်လေးစေခဲ့ပေမယ့် အခုအခါမှာတော့ အန္တရာယ်ပုံစံတွေက သိသိသာသာ ပြောင်းလဲလာခဲ့ပါပြီ။ ၂၀၀၀ ပြည့်လွန်နှစ်တွေရဲ့ အလယ်လောက်ကစပြီး အစ္စလာမ္မစ်နိုင်ငံတော် (IS) လို စစ်သွေးကြွအဖွဲ့တွေဟာ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေကို အသုံးချပြီး ဝါဒဖြန့်လာကြတဲ့အတွက် ထိရှလွယ်တဲ့ လူငယ်တွေကြားမှာ အစွန်းရောက်အတွေးအခေါ်တွေ စိမ့်ဝင်လာခဲ့ပါတယ်။
အခုဆိုရင် နိုင်ငံရေးအရ လက်ယာစွန်း အစွန်းရောက်ဝါဒနဲ့ “ဆလပ်ဘား” လို့ခေါ်တဲ့ အယူဝါဒမျိုးစုံ ရောထွေးနေတဲ့ အစွန်းရောက်ဝါဒပုံစံသစ်တွေ ပေါ်ထွက်လာတာကြောင့် နိုင်ငံတွေနဲ့ စောင့်ကြည့်လေ့လာသူတွေရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ပိုပြီး ရှုပ်ထွေးသွားစေပါတယ်။ ဆလပ်ဘားဝါဒဆိုတာ စားသောက်ဆိုင်ထဲမှာ ကိုယ်စားချင်တာတွေကို စိတ်တိုင်းကျ ရွေးထည့်လို့ အစားအစာတွေ ပုံစံအမျိုးမျိုး ပါလာတာမျိုးကို ရည်ညွှန်းပြီး ကိုယ်နှစ်သက်တဲ့ ဝါဒအမျိုးမျိုးကို ဟိုတစ်စ သည်တစ်စ ယူငင်ပေါင်းစပ်ထားတဲ့ ဝါဒကို ဆိုလိုခြင်း ဖြစ်ပါတယ်။ မြန်မာနဲ့ နားယဉ်အောင် ခေါ်မယ် ဆိုရင် ဘူဖေးအစွန်းရောက်ဝါဒလို့ ဆိုရမယ် ထင်ပါတယ်။
အွန်လိုင်းပေါ်က သောင်းခြောက်ထောင် အစွန်းရောက်အကြောင်းအရာများ
IS နဲ့ အချိတ်အဆက်ရှိတဲ့ ဒေသတွင်းအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေဟာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တောင်ပိုင်းမှာ အထူးတလည် ဆက်ရှိနေဆဲဖြစ်ပေမယ့် ယေဘုယျအားဖြင့်တော့ အရင်ကထက် လျော့ကျသွားပါတယ်။
ဒါပေမဲ့ မကြာသေးမီနှစ်တွေအတွင်းမှာတော့ လက်ယာစွန်း အစွန်းရောက်ဝါဒဟာ အွန်လိုင်းကနေ အစွန်းရောက်စေတဲ့ အဓိက အတွေးအခေါ်တစ်ခု ဖြစ်လာပါတယ်။ လူဖြူမဟုတ်သူတွေ နေရာယူလာမှာကို စိုးရိမ်တဲ့ အနောက်တိုင်း လက်ယာစွန်းအတွေးအခေါ်တွေကို လူဖြူမဟုတ်တဲ့ စင်ကာပူ ဆယ်ကျော်သက်တွေ လက်ခံယုံကြည်လာခြင်း လိုမျိုး မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေ ရှိလာပါတယ်။ ဆယ်ကျော်သက်တစ်ယောက် ဆိုရင် ၂၀၁၉ ခုနှစ်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ခရိုက်စ်ချက်ချ် ဗလီ တိုက်ခိုက်မှုမျိုးကို စင်ကာပူမှာ အတုခိုးလုပ်ဆောင်ဖို့တောင် ကြိုးစားခဲ့ပါသေးတယ်။
ဆိုရှယ်မီဒီယာပေါ်က ရှုပ်ထွေးပြီး ကွဲပြားစုံလင်လှတဲ့ အစွန်းရောက် အကြောင်းအရာတွေကြောင့် အတွေးအခေါ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ထပ်ဖြစ်လာပါတယ်။ ကမ္ဘာတစ်ဝန်းက စိတ်ပျက်ဝမ်းနည်းနေတဲ့ လူငယ်တွေဟာ သူတို့ရဲ့ တစ်ကိုယ်ရေ နာကြည်းချက်တွေနဲ့ အမျိုးမျိုးသော အယူဝါဒတွေကို သူတို့ဘာသာ ပေါင်းစပ်လိုက်ကြပြီး “ပေါင်းစပ်အကြမ်းဖက် အစွန်းရောက်ဝါဒ” ဒါမှမဟုတ် “ဆလပ်ဘား အစွန်းရောက်ဝါဒ” ဆိုတာကို ဖန်တီးလာကြပါတယ်။
အရှေ့တောင်အာရှမှာ လူငယ်တွေဟာ အစ္စလာမ္မစ် အစွန်းရောက်ဝါဒ၊ လက်ယာစွန်း အစွန်းရောက်ဝါဒ၊ ဂျူးဆန့်ကျင်ရေးဝါဒနဲ့ မကြာသေးမီက ပေါ်လာတဲ့ အရာအားလုံးကို အဆိုးမြင်ဖျက်ဆီးလိုတဲ့ အကြမ်းဖက် အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကို ခံနေရပါတယ်။ ဒီအဆိုးမြင် ဖျက်ဆီးလိုတဲ့ အကြမ်းဖက်ဝါဒက ပိုပြီး အရေးပါ ကြီးထွားလာနေပုံရပါတယ်။ ဘာအယူဝါဒမှ မပါဘဲ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်သက်သက်နဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်လာကြပြီး ဒီအကြမ်းဖက်မှု လုပ်ရပ်ကိုယ်တိုင်ကပဲ သူတို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင် ဖြစ်နေတတ်ပါတယ်။
ဒီရေစီးကြောင်းကို ဒေသတွင်းမှာ လက်တွေ့မှုခင်း အသိုင်းအဝိုင်း (True Crime Community) လို့ ခေါ်တဲ့ အွန်လိုင်းအသိုင်းအဝိုင်းပုံစံနဲ့ ထင်ထင်ရှားရှား တွေ့လာရပါတယ်။ အဲဒါကတော့ လူအစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်သူတွေနဲ့ ကွင်းဆက်လူသတ်သမားတွေကို ထောက်ခံအားပေးသူတွေ စုဝေးနေတဲ့ အွန်လိုင်းအသိုင်းအဝိုင်းပဲ ဖြစ်ပါတယ်။
ဒီလို ထောက်ခံအားပေးသူတွေဟာ ကျောင်းတွေမှာ ပစ်ခတ်မှုကျူးလွန်သူတွေကို သူရဲကောင်းတွေလို သဘောထားကြပြီး လက်တွေ့မှာလည်း အလားတူ တိုက်ခိုက်မှုတွေလုပ်ဖို့ ကြိုးစားလာကြပါတယ်။ ဥပမာအနေနဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ အင်ဒိုနီးရှား လူငယ်တစ်ယောက်ဟာ ဂျာကာတာမြို့က သူ့ရဲ့ အထက်တန်းကျောင်းကို ဗုံးခွဲဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ သေနတ်အတုပေါ်မှာ လက်ယာစွန်း အစွန်းရောက် အယူအဆတွေနဲ့ နာမည်တွေ အများကြီး ရေးထိုးထားပေမယ့် ဒီလူငယ်ဟာ လက်တွေ့မှုခင်း အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးခံထားရတယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သုံးသပ်ခဲ့ပါတယ်။
ဒါ့အပြင် စင်ကာပူမှာလည်း လူငယ်တွေပါဝင်တဲ့ ဆလပ်ဘား အစွန်းရောက် ဖြစ်ရပ်အချို့ကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေမှာ ဂျီဟတ်၊ လက်ဝဲစွန်း၊ လက်ယာစွန်းနဲ့ အမျိုးသမီးမုန်းတီးရေး စတဲ့ အတွေးအခေါ်ပေါင်းစုံ လွှမ်းမိုးခံရမှုတွေ အမျိုးမျိုးပါဝင်ပါတယ်။ အွန်လိုင်းပေါ်က အဆိုးမြင်ဖျက်ဆီးလိုတဲ့ လက်တွေ့မှုခင်း အသိုင်းအဝိုင်းရဲ့ အတွေးအခေါ်တွေနဲ့ ထိတွေ့ခဲ့တာကိုလည်း တွေ့ရပါတယ်။
သင်ခန်းစာယူရမယ့် အချက် (၃) ချက်
စက်တင်ဘာ ၁၁ ဖြစ်ရပ်အပြီး အမြဲပြောင်းလဲနေတဲ့ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒ အခြေအနေတွေကို လေ့လာကြည့်တဲ့အခါ အဓိက သင်ခန်းစာ ယူစရာ အချက် ၃ ချက် ထွက်ပေါ်လာပါတယ်။
ပထမအချက်က ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း လူငယ်တွေ အစွန်းရောက်လာတဲ့ ပြဿနာကို မူဝါဒရေးရာအရ အများကြီး အာရုံစိုက်ခဲ့ကြပေမယ့် နိုင်ငံဖြတ်ကျော် စစ်သွေးကြွကွန်ရက်တွေဟာ ဒေသတွင်းမှာ စိန်ခေါ်မှုတစ်ခုအဖြစ် အထင်အရှား ဆက်ရှိနေသေးတာ ဖြစ်ပါတယ်။
ဒီလိုခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့အတွက် စစ်တပ် ဒါမှမဟုတ် ရဲတပ်ဖွဲ့ရဲ့ အင်အားသုံး နှိမ်နင်းမှုနဲ့အတူ အစွန်းရောက်ဝါဒဖြန့်မှုတွေနဲ့ အခြေခံ မကျေနပ်ချက်တွေကို ဖြေရှင်းပေးတဲ့ ပျော့ပျောင်းတဲ့ နည်းလမ်းတွေကို မျှတစွာ ပေါင်းစပ်အသုံးပြုဖို့ လိုအပ်တယ်ဆိုတာကို ယနေ့ခေတ်မှာ ယေဘုယျအားဖြင့် နားလည်လက်ခံလာကြပါပြီ။ ဒါကြောင့် အင်ဒိုနီးရှား အာဏာပိုင်တွေဟာ IS နဲ့ အချိတ်အဆက်ရှိတဲ့ ကွန်ရက်တွေကို အင်အားသုံး နှိမ်နင်းခဲ့သလို တစ်ဖက်မှာလည်း ဖျောင်းဖျဆွေးနွေးမှုတွေကို ပူးတွဲလုပ်ဆောင်ခဲ့ပါတယ်။ ဒီလို ပေါင်းစပ်နည်းဗျူဟာကြောင့် ဂျမားအစ္စလာမ်မီယာ ကွန်ရက်ဟာ ၂၀၂၄ ခုနှစ်မှာ တရားဝင် ဖျက်သိမ်းသွားပါတယ်။
အလားတူပဲ ဖိလစ်ပိုင်တောင်ပိုင်းမှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဿနာကို ၂၀၁၉ ခုနှစ်မှာ မွတ်စလင် မင်ဒါနာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖွဲ့စည်းပေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းပေးခဲ့ပြီးနောက်ပိုင်း စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေ လျော့ကျသွားခဲ့ပါတယ်။ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဥပဒေတွေ ပြဋ္ဌာန်းတာ၊ နယ်စပ်ဖြတ်ကျော် ထောက်လှမ်းရေးသတင်း ဖလှယ်တာနဲ့ စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်ဆောင်တာတွေဟာ ဒေသတစ်ဝန်းက လက်တွေ့ကြုံနေရတဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အလွန်အရေးပါခဲ့ပါတယ်။
ဒုတိယအချက်ကတော့ ပိုမိုရှုပ်ထွေးလာတဲ့ လူငယ်အစွန်းရောက်မှုကို တားဆီးရာမှာ အစွန်းရောက် အယူဝါဒတွေကို ချေပရုံသက်သက်နဲ့ မလုံလောက်တော့တာ ဖြစ်ပါတယ်။
အဆိုးမြင်ဖျက်ဆီးလိုတဲ့ အစွန်းရောက်ဝါဒတွေ ရောထွေးပေါ်ပေါက်လာတာကြောင့် လူငယ်တွေအနေနဲ့ အကြမ်းဖက် အယူဝါဒတွေကို ခံနိုင်ရည်ရှိလာအောင် ပိုမိုကျယ်ပြန့်တဲ့ အစီအမံတွေ လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။
ဒီလို ကျယ်ပြန့်တဲ့ ခံနိုင်ရည်တည်ဆောက်မှုတွေမှာ လူငယ်တွေကြား ဒစ်ဂျစ်တယ် အသိပညာ မြှင့်တင်ပေးတာ၊ တည်ငြိမ်တဲ့ မိသားစု၊ သူငယ်ချင်းနဲ့ အသိုင်းအဝိုင်း ဆက်ဆံရေးတွေကြားမှာ နေထိုင်စေတာ၊ ဂါဇာပဋိပက္ခလိုမျိုး ပူပူနွေးနွေး ပထဝီနိုင်ငံရေး ကိစ္စရပ်တွေအပေါ် မျှတတဲ့ အမြင်တွေ ပေးစွမ်းတာ စတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အွန်လိုင်း ရာဇဝတ်မှုဆိုင်ရာ ဥပဒေလို ဥပဒေတွေကတစ်ဆင့် အေအိုင် နည်းပညာတွေ၊ ပိုမိုအဆင့်မြင့်လာတဲ့ အွန်လိုင်းပေါ်က အစွန်းရောက် ဝါဒဖြန့်မှုတွေနဲ့ သတင်းအမှားတွေကနေ သူတို့ကို တတ်နိုင်သမျှ ကာကွယ်ပေးတာတွေလည်း ပါဝင်ပါတယ်။
အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အေဂျင်စီတွေအပြင် ဒီလို ဘက်စုံချဉ်းကပ်မှုမျိုးမှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေ၊ ပညာရှင်အဖွဲ့တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ ပညာရေးသမားတွေ၊ တိုင်ပင်ဆွေးနွေး အကြံပေးသူတွေနဲ့ လမ်းမှန်ပြန်ရောက်လာတဲ့ ယခင်အစွန်းရောက်ဟောင်းတွေ အပါအဝင် အခြားသော သက်ဆိုင်သူတွေလည်း ပါဝင်ဖို့ လိုအပ်ပါတယ်။
နောက်ဆုံးအချက်အနေနဲ့ကတော့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးနဲ့ ဆိုက်ဘာလုံခြုံရေးလိုမျိုး အခြားသော အမျိုးသားလုံခြုံရေး နယ်ပယ်တွေကြားက နယ်နိမိတ်မျဉ်းဟာ မှေးမှိန်လာနေတဲ့ကိစ္စ ဖြစ်ပါတယ်။ မကြာသေးမီကပဲ စင်ကာပူနိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေးဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် စင်ကာပူလူငယ်တစ်ယောက် ရှိပါတယ်။ လမ်းလွဲနေတယ်လို့ သူယူဆတဲ့ ပြည်တွင်းနဲ့ ပြည်ပ မွတ်စလင်အဖွဲ့အစည်းတွေရဲ့ ဝဘ်ဆိုက်တွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ခဲ့လို့ အဖမ်းခံရတာပါ။
စက်တင်ဘာ ၁၁ ဖြစ်ရပ် အပြီး ၂၅ နှစ်အကြာမှာ စင်ကာပူနဲ့ ဒေသတွင်းနိုင်ငံတွေဟာ လျင်လျင်မြန်မြန် ပြောင်းလဲနေတဲ့ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒ ခြိမ်းခြောက်မှု အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ မဟာဗျူဟာအပြင် မူဝါဒရေးရာ ကိရိယာမျိုးစုံကို လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး ပါဝင်တဲ့ပုံစံနဲ့ အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။
ရဲမွန်လှ
Kumar Ramakrishna ရေးတဲ့ The changing face of terrorism 25 years after 9/11 ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။
မူရင်းဓာတ်ပုံ – ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အမြွှာညီနောင် အကြမ်းဖက်တိုက်ခိုက်ခံရစဉ်။ ဓာတ်ပုံ – Reuters