အာရက္ခအားမာန်ရဲဘော်ကျော်ဟန် (အပိုင်း ၂၆) ဌေးဝင်း အသားက ခပ်ညိုညို။ အရပ်က နည်းနည်း မြင့်မြင့် ဆံပင်ကတော့ ထောင်ပုံစံ တိုနံ့နံ့နဲ့။ အမိန့်ချ မခံရသေးတော့ အရပ်ဝတ်အင်္ကျီ ရှပ်လက်ရှည် ကွက်ကြားကြီးကို လက်ခေါက်ပြီးဝတ်ကာ လုံချည်ကို လယ်သမားတွေ ဝတ်သလို ခပ်တိုတိုဘဲ ဝတ်ထားတယ်။ လက်မှာလည်း ခြင်္သေ့သုံးကောင် ဖက်ကြမ်းဆေးပေါ့လိပ်ကို ညှပ်ထားပြီး တချက်ချက် အားရပါးရ ရှိုက်ဖွါလိုက်သေးတယ်။ သူက ဆက်ပြောတာက “ဒီလို အတော်လေး ခေါင်းပေါ်ထဲကဆိုတော့ နေရာတကာတိုင်းမှာ ပါတယ်။ မရောက်တဲ့ နေရာမရှိ။ ကုလားပြဿနာ ဖြစ်တော့လည်း ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးဖြစ်တော့ ဖိုးတက်ကြွ ကျနော် ပါသွားပြန်ရော။ ရှစ်လေးလုံးက ရန်ကုန်မှာ ရှစ်ရက်နေ့ (၈. ၈. ၈၈) မှာ ဖြစ်ပေမဲ့ စစ်တွေမှာတော့ ၉ ရက် ဩဂုတ်လမှာဘဲ စဖြစ်တာ။ ချိန်းထားတဲ့နေရာမှာ ကျောင်းသားတွေဟာ ခွပ်ဒေါင်းအလံကို မထူဝံ့ဘဲ ဖြစ်နေကြတယ်။ ကျနော်က ငါ ထူတယ်ကွာဆိုပြီး အလံကို ဝါးလုံးမှာချိတ်ဆွဲပြီး မြို့နယ်ကောင်စီရုံးရှေ့က အလံတိုင်မှာ သွားတင်ပေးခဲ့တာ” “အေး ငါ ယုံတယ်။ သိန်းအောင်ကျော်က ရဲတယ်။ သတ္တိရှိတယ်ဆိုတာ ကရာတေး ကစားတဲ့အခါမှာလည်း ငါတို့ မြင်တွေ့နေကျဘဲလေ” “အမှန်ကတော့ ရဲတာ သတ္တိရှိတယ်ဆိုတာက အမျိုးသားရေးဆိုတဲ့ စိတ်သန္ဓေက ကျနော့်ရင်ဘတ်ထဲမှာ အမြဲတမ်း ကိန်းအောင်းနေတယ်။ မခံချင်စိတ် ရှိတယ်ပေါ့။ အမြဲတမ်း တွန်းလှန်ချင်စိတ်။ တော်လှန်လိုစိတ် ရှိနေတာ။ လူငယ်အများစုကလည်း တခုခုဖြစ်ရင် ကိုသိန်းအောင်ကျော် ကျနော်တို့ ဘာလုပ်ရမလဲ လာလာပြီး မေးကြတယ်။ တိုင်ပင်ကြတယ်။ ကျနော့်ညီ သူငယ်ချင်း ညီမရဲ့ သူငယ်ချင်းတွေကအစ။ ဒါ့ပြင် ကျနော့်အကိုလတ်ရဲ့ သူငယ်ချင်းတွေကပါ အားလုံးက ကျနော့်သူငယ်ချင်း ဖြစ်နေတယ်။ ကုန်ကုန်ပြောရရင် ဈေးက ပွဲစားလောကထိ။ ငါးဈေးတန်းထိ။ ကျနော့်ကို သိကြတယ်။ ကျနော့်အဖေကလည်း ဟိုတုန်းက ပြောက်ကျားတွေကိုး။ မိဘက ပြောက်ကျားတွေဆိုတော့ ဒီအသွေးအသား ခံယူချက်တွေက ကျနော့်ရဲ့ သွေးထဲမှာ ဖျောက်ဖျက်မရဘူး။ ဆက်လက်စီးဆင်းနေတာပေါ့။ အာဏာပိုင်အစိုးရကို မကျေနပ်တာကို သိတယ်။ နေရင်းထိုင်ရင်း အလိုလိုကို မကျေမနပ်ကို ဖြစ်နေတာ။ ကိစ္စတခုခု ပေါ်လာပြီဆိုရင် ဥပမာ မင်းပြားကိစ္စ ဖြစ်တုန်းကဆို ကျနော်ဟာ ဆိုက္ကားသမားကိုလည်း ကျနော်ဟောတာဘဲ။ မြေအောက်သမားတွေနဲ့ ကျနော် အဆက်အသွယ်ရှိလားဆိုတော့ မရှိဘူး။ မရှိေပေမဲ့ ယူဂျီထဲမှာ သူငယ်ချင်းတွေ ရှိနေကြပြန်တယ်။ ဥပမာ ကိုကျော် ယူဂျီလုပ်နေတာကို ကျနော်မသိတာမျိုးပေါ့။ ရှစ်ဆယ့်ရှစ်မှာ လျှို့ဝှက်လုပ်က်တဲ့ အစည်းအဝေးဆိုလည်း ကျနော်ပါတာဘဲ။ အဲဒီလို။ အဲဒီလို ဖြစ်နေတာ” “ငါတို့ မြေအောက်ယူဂျီအလုပ်ဆိုတာကလည်း လူမသိအောင် ခြေသံလုံအောင်နေနိုင်မှ ရှင်သန်နိုင်တာကိုး။ ခု ငါ့ဘဲကြည့်လေ. ကိုယ့်လုပ်ဖော်ကိုင်ဖက်က အင်ဖော်မာဖြစ်နေတော့ ဂျေးအောင်းရတာဘဲ မဟုတ်လား သိန်းအောင်ကျော်။ ငါတို့မှာက ရန်သူဆိုတာ ကိုယ့်နဲ့ အနီးကပ်ဆုံးမှာ ရှိနေတတ်လို့ ကိုယ့်အရိပ်ကိုယ်တောင် သံသယနဲ့ကြည့်ပြီး လှုပ်ရှားရတဲ့ အလုပ်မျိုးလေ။ ဒါနဲ့ ငါ့ညီတို့က ရှစ်လေးလုံးကာလမှာ ဘယ်လိုဘယ်လို ဒီအမှုက ဖြစ်ရတာလဲ” “ပြောရရင် ကိုကျော်ရေ။ အဲဒီနေ့ ဝင်္ကဘာကွင်းမှာ တရားပွဲဖြစ်တယ်။ အဲဒီနေ့အခြေအနေက စစ်တွေတမြို့လုံးက ဆန္ဒပြနေကြတာကိုး။ ကျနော်တို့လည်း ဦးဆောင်အဖွဲ့မှာ ပါတာပေါ့လေ။ ဒီတော့ ဘယ်နေ့ ဘာလုပ်မယ်။ ဘာအစီအစဉ် လုပ်မယ်ဆိုတာတွေကို စီစဉ်ရတဲ့ ကော်မတီဝင်ပေါ့။ ဘာမှမဆိုင်တဲ့ အပြင်လူတော့ မဟုတ်ဘူးပေါ့။ သပိတ်ကော်မတီမှာက ထောင့်စုံက ပါကြတယ်ပေါ့။ ဘုန်းကြီးတွေ ကျောင်းသားတွေ အရပ်ထဲက တက်ကြွလူငယ်တွေ နိုင်ငံရေးသမားတွေ အစုံပါကြတယ်။ သူ့စစ်ကြောင်းနဲ့သူ ဝင်္ကဘာကွင်းကို ဦးတည် ချီတက်ကြတယ်။ လူကြီး လူငယ် လူလတ် အလွှာစုံ ချီတက်ကြတာ။ အရမ်းစည်တယ်။ စည်ရတာက အဲဒီနေ့က အထွေထွေသပိတ် ပြုလုပ်တဲ့နေ့။ (၂၅. ၈. ၈၈) ရက်နေ့ပေါ့။ မြို့နယ်ပေါင်းစုံက လာစုကြတာ။ ရသေ့တောင်က မြအေးသိန်းတို့ ဘာတို့ လာတဲ့နေ့ပေါ့။ ရက္ခိုင်ပြည်မြောက်ပိုင်းက သပိတ်စုံ လာဆုံကြ စုကြတဲ့နေ့ပေါ့။ အဲဒီမှာ ကျနော်က အခမ်းအနား ပြင်ဆင်ရေးမှာပါတယ်။ မိုက်တွေ ဆင်ရတယ်။ ပြီးတော့ လုံခြုံရေးဘက်လည်း ဝင်ပါရတယ်။ ကြိုတင်လာပြီးတော့ လုပ်စရာရှိတာ လုပ်ကြရသူတွေပေါ့။ ကျောက်တိုင်အောက်ကနေ လုံခြုံရေးယူထားတယ်” “အင်း.. ကရာတေးသမား လက်ဝှေ့လည်းထိုးတတ်သူ လုံခြုံရေးတာဝန်ယူတာ ကောင်းတာပေါ့ သိန်းအောင်ကျော်။ ဒါနဲ့ ဘာတွေများ ထူးထူးခြားခြား ကြုံခဲ့ရလဲ ကွ” “ထူးပြီလား ကိုကျော်ရေ… ထူးသမှ ထူးလွန်းလို့ ခုလို ထောင်ထဲ ရောက်သွားတာပေါ့ဗျာ” “အေး.. စိတ်ဝင်စားစရာဘဲ။ ငါ့ကို ပြောပြပါလား” “အေးလေ. ကိုကျော် စိတ်ဝင်စားရင် ပြန်ပြောရတာပေါ့” လို့ ဆိုရင်း သိန်းအောင်ကျော်သည် သူ့လက်ထဲက ဆေးပေါ့လိပ်ကို ပါးစပ်ထဲထည့်ကာ အားပါးတရ ဖွါရှိုက်လိုက်တယ်။ ဆေးလိပ်သမားဆိုတာကလည်း သူတို့အတွက် ဒီဆေးလိပ်အငွေ့လေး တရှိုက်ဟာ သူတို့ရဲ့ ခွန်အားကို ဖျတ်ကနဲ လန်းဆန်း လတ်ဆတ်သွားကြသလား မသိ။ ငါလည်း သူ စတင်ပြောလာမဲ့ စစ်တွေမြို့မှာ ဖြစ်ပွါးခဲ့တဲ့ ရှစ်လေးလုံးသမိုင်းထဲက ရုပ်ပုံလွှာ အပိုင်းအစတခုကို ကြားချင်စိတ်နဲ့ ငံ့လင့်နေခိုက်။ သိန်းအောင်ကျော်ကိုယ်တိုင်ကလည်း သူ့မီးခိုးငွေ့နောက်မှာ သူ့အတွေးများ လိုက်ပါသွားသလား ထင်ရလောက်အောင် ငြိမ်သက်သွားတယ်။ ဘုရားဝင်းတခုလုံးလည်း လေတိုးသံ သဲ့သဲ့။ ပတ်ဝန်းကျင်က ငှက်တို့ရဲ့ အသံတချို့ကို ကြားနေရ။ ခပ်လှမ်းလှမ်းက အကျဉ်းသားတွေရဲ့ စကားပြောသံတွေကို ကြားနေရသော်ငြား ငါနဲ့သူ နှစ်ယောက်ကြားမှာ သမိုင်းတခုကို မကြားရခင် ကြီးမားသော တိတ်ဆိတ်မှုကြီးက ဖုံးလွှမ်းထားတယ်။ ငါးမိနစ်ခန့် ငြိမ်သက်နေပြီးမှ “အဲဒီအချိန်မှာ လူကြီးတယောက်က လာပြောတယ် ကိုကျော်။ ဟေ့ကောင်တွေ မင်းတို့ သတိဝိရိယနဲ့ လုပ်ကြ။ ငါတို့ကို ထောက်လှမ်းရေးက ဓာတ်ပုံရိုက်နေတာ ငါတွေ့ခဲ့တယ်။ သူတို့ အထိုင်ချတဲ့ နေရာက ဝင်္ကဘာကွင်းနဲ့ မျက်နှာချင်းဆိုင် လမ်းထောင့်က အိမ်မှာဘဲလို့ လာပြောတယ်။ ဒါကြောင့် သပိတ်အဖွဲ့က အဲဒီထောက် လှမ်းရေးတွေနဲ့ သွားပြီးဆွေးနွေးတယ်။ သူတို့ စတည်းချတဲ့အိမ်ကို တက်သွားပြီး ဆွေးနွေးတာပေါ့။ ခင်ဗျားတို့ အဲသလိုမလုပ်နဲ့။ ပြည်သူတွေ ကြောက်သွားအောင် မလုပ်ကြနဲ့။ ဘာညာပေါ့” ဒါကို ပြည်သူတွေက သိသွားတယ်။ သိသွားတော့ အဲဒီအိမ်ကို လူတွေက သွားဝိုင်းကြတယ်။ အိမ်ကလည်း လမ်းထောင့်မှာ ရှိတယ်။ ထောင့်ဆိုတော့ သူတို့လည်း ချက်ချင်း ပြေးလို့မလွတ်နိုင်ဘူး။ သပိတ်ကော်မတီက သူတို့ကို ပြောတာက “မင်းတို့ လူထုကို ဝန်ချတောင်းပန်လိုက်ပါ” လို့ ဆွေးနွေးညှိနှိုင်းတာကို သူတို့က ဖောလျှောလုပ်ပြီး ခေါင်းညိတ်တယ်။” “ကျနော်ကိုယ်တိုင်လည်း အဲဒီအိမ်ရဲ့ ဝရံတာက ထွက်ပြီး ဒေါသထွက် ဆူညံပွက်နေတဲ့ လူအုပ်ကြီးကို စိတ်ထိန်းကြဖို့နဲ့ ကျနော်တို့ သပိတ်တိုက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆက်လုပ်နိုင်ဖို့ ဟစ်အော်ပြီး လူထုကို ပြောခဲ့တယ်။ အဲလိုပြောပြီး အိမ်ထဲကို လှည့်အဝင် ကျနော့်ခေါင်းကို တည့်တည့်မတ်မတ်ကြီး အုတ်ခဲကျိုးပိုင်းတလုံး လူအုပ်ထဲက ပစ်တာကို ခံလိုက်ရတယ်။ လေသံကို ဝှစ်ကနဲ ကြားပြီး ရှောင်လိုက်နိုင်လို့သာပေါ့။ နို့မဟုတ်ရင် ထောက်လှမ်းရေးထက်အလျင် ကျနော် မာလကီးယားမလားဘဲ ကိုကျော်ရေ” “
Read more