အာရက္ခတိုင်းမ်စ် (သီးသန့်အင်တာဗျူး)
ရက္ခိုင်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အာရက္ခတပ်တော်ဟာ ရက္ခိုင်ဒေသအတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေ ဗျူဟာကုန်းတွေ ဌာနချုပ်ကို တိုက်ခိုက်ရှင်းလင်းပြီး အာရက္ခအိမ်မက်ကို ပုံဖော်လျက်ရှိပါတယ်။ လက်ရှိမှာ ရက္ခိုင်ပြည်အတွင်းက မြို့နယ် ၁၇ မြို့နယ်မှာ ၁၄ မြို့နယ်ကို ရက္ခိုင်ပြည်သူတွေ လက်ထဲကို အပ်နှံပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
တရုတ်အကျိုူစီးပွား တည်ရှိနေတဲ့ ကျောက်ဖြူ၊ သီးခြားတည်ရှိနေတဲ့ မာန်အောင် နဲ့ ရက္ခိုင်ပြည်ရဲ့ မြို့တော် စစ်တွေ ကို အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မရှိသေးပါဘူး။ မြို့တော် စစ်တွေမှာဆိုရင် စစ်ကောင်စီနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က အခြေပြု လှုပ်ရှားလျက် ရှိနေပါတယ်။
ရက္ခိုင်ပြည်ရဲ့ စစ်ရေး အခြေအနေ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု ရက္ခိုင်တပ်တို့ရဲ့ လှုပ်ရှားမှုအခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားကောင်စီ (AA/ANC) မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းကို အာရက္ခတိုင်းမ်စ် မှ သတင်းထောက် Olive က သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။