အာရက္ခတိုင်းမ်စ် (၂၉ ဇန်နဝါရီ ၂၀၂၅)
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသအတွင်းရှိ မြို့ရွာတွေမှာ ပြည်သူတွေ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အာရက္ခတပ်တော်မှ အမျိုးသမီးစစ်မေတွေဟာ အချိန်ပြည့်တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကို ပြည်သူလူထုတွေ ပြန်လည်ဝင်ရောက်ချိန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဉ်အန္တရာယ် ကင်းဝေးစေဖို့ တစိုက်မတ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဲဒီလို ဆောင်ရွက်ရာမှာ ပြည်သူလူထုတွေအနေနဲ့ ဆိုင်ကယ်စီးနင်းချိန် ဆိုင်ကယ်ဦးထုတ်ဆောင်းထားဖို့၊ မေ့သိုင်းကြိုးတပ်ဖို့ နဲ့ ဆိုင်ကယ်တစ်စီးကို လူ ၂ ဦးထက် ပိုမစီးဖို့ စည်းကမ်းချမှတ်ထားပြီး အဆိုပါ စည်းကမ်းတွေကို ချိုးဖောက်ပါက အပြစ်ပေးသွားမယ်လို့ သိရပါတယ်။
အလားတူ ယာဉ်စည်းကမ်းတွေ လိုက်နာဖို့ စည်းကမ်းချက် ဆိုင်းဘုတ်တွေကို လမ်းဆုံလမ်းခွ၊ အဝေးပြေးလမ်းတွေမှာ သတိပေးနှိးဆော်ထားကြောင်း ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်အတွင်းက မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို ဆောင်ရွက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဓါတ်ပုံ – Arakan Princess Media