ခွန်ဥက္ကာ ဦးစီးသော PNLO-NCA-S သည် တရားမဝင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ကြေညာ
အာရက္ခတိုင်းမ်စ် (၁၃-အောက်တိုဘာ-၂၀၂၄)
ခွန်ဥက္ကာ ဦးစီးဖွဲ့စည်းထားသော PNLO-NCA-S သည် တရားမဝင်ကြောင်း နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဟူသော အမည်ကို ထည့်သွင်းအသုံးချမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း နှင့် အဖွဲ့ချုပ်အမည်ကို အသုံးပြုခွင့်မပြုကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ ထုတ်ပြန်ကြေညာချက်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက် နှင့် ၁၂ ရက် တွင် ပြုလုပ်ခဲ့သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် တတိယအကြိမ် ညီလာခံသက်တမ်း ဗဟိုကော်မတီ နှင့် တပ်မှူးများ အရေးပေါ် အစည်းအဝေး ကျင်းပအပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ရဲ့ ဦးဆောင်နာယကအဖြစ်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက် ရက်စွဲဖြင့် စက်တင်ဘာလ ၁၅ ရက် တွင် အဖွဲ့ချုပ်မှ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။
အလားတူ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးခွန်မင်းသိမ်း နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) နန်းယဥ်ယဥ်စိုး တို့သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် ကျင်းပခဲ့သော ဗဟိုအလုပ်ဆောင်ကော်မတီ အထူးအစည်းအဝေးတွင် အဖွဲ့ချုပ်မှ နှုတ်ထွက်ကြောင်း နှုတ်အားဖြင့် တင်ပြခဲ့ကြောင်း သိရပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် ၂၀၂၄ ခု နှစ် အောက်တိုဘာလ ၉ ရက် တွင် PNLO-NCA-S အဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့သဖြင့် PNLO ရဲ့ အခြေခံမူ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ PNLO အဖွဲ့ချုပ် ဗဟိုကော်မတီ ဗိုလ်မှူးကြီး ခွန်အောင်မန်း က ဆိုပါတယ်။
PNLO အဖွဲ့ချုပ် အနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်မှု တတိယတော်လှန်ရေးအား ဦးဆောင်ဆင်နွှဲရန် ၂၀၀၉ ခုနှစ် ပအိုဝ်းအမျိုးသားညီလာခံမှ ချမှတ်ပေးထားသော အခြေခံမူများနှင့်အညီ PNLO သည် လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ကို ပြန်လည်ဆင်နွှဲနေခြင်းဖြစ်ကြောင်း ဆိုပါတယ်။