စစ်တွေကို AA စတင် ထိုးစစ်ဆင်

အာရက္ခတိုင်းမ်စ် (၁၇ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ကို အာရက္ခတပ်တော်အနေနဲ့ စတင်ထိုးစစ်ဆင်နေတယ်လို့ စစ်တွေမြို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“၁၅ ရက်နေ့ကတည်းက ဝါဘိုးရွာက စစ်ကောင်စီရဲ့ ခံစစ်တပ်ကို AA က သိမ်းလိုက်တယ်။ အဲဒါကြောင့် အဲနေ့ ညနေ ၃ နာရီလောက်မှာ အဲနားကို လေကြောင်းနဲ့ ပတ်ပြီး ဗုံးတွေကြဲတယ်” လို့ အမည်မဖော်လိုသူ စစ်တွေမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

ဇန်နဝါရီလ ၁၅ ရက် နဲ့ ၁၆ ရက်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့သလို့ စစ်တွေမြို့ရှိ အမှတ် ၁၂ တပ်ရင်းကလည်း အငူကျွန်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဝါဘိုရွာ နဲ့ အနီးအနားက ရွာတွေကို လက်နက်ကျရောက်ခဲ့ပြီး စပါးထားရွာတွင် နေအိမ်အချို့ မီးလောက်ပျက်စီးသွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ကျနော်တို့ သိရသလောက်တော့ AA က ဝါဘိုး၊ ညိုချောင်း နဲ့ ကံ့ကော်ကျွန်း စတဲ့နေရာတွေမှာ နေရာယူထားပြီ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကတည်းကပင် တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွါးခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်ဟာ ရက္ခိုင်က မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်အနေ နဲ့ အပြီးသတ်သိမ်းပိုက်ဖို့အတွက် တရုတ်စီမံကိန်းတည်ရှိနေတဲ့ ကျောက်ဖြူမြို့ အပါအဝင် မြို့တော်စစ်တွေ နဲ့ မာန်အောင်မြို့တွေဟာ ကျန်ရှိနေသေးတာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခင်းအကျင်း အဖြစ်အပျက်တွေကို စစ်ရေး နဲ့ ဖြေရှင်းတာထက် နိုင်ငံရေးနည်းလမ်းတွေ နဲ့ ဖြေရှင်းဖို့ အမြဲအသင့် ရှိနေတယ်လို့ အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန် ပြောဆိုထားပါတယ်။

Related posts

AA ထိုးစစ်ခုခံရန် စစ်ကောင်စီက လေးမျက်နှာက စစ်ရှောင်တွေကို လူသားဒိုင်းလုပ်နေ

သမိုင်းဝင် တောင်းဖူးဘုရားကြီး စစ်ကောင်စီက ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး

ပုဏ္ဏားကျွန်း ကုလားချောင်းရွာ ဗုံးကျ ပေါက်ကွဲလို့ ပြည်သူတစ်ဦး သေဆုံး