AA ရဲ့ လက်နက်ကြီးတွေ စစ်တွေက တပ်ရင်း ၁၂ နဲ့ ရေတပ်ဌာနချုပ်ကို ကျ

အာရက္ခတိုင်းမ်းစ် (၉ ဖေဖော်ဝါရီ ၂၀၂၅)

အာရက္ခတပ်တော်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ စစ်တွေမြို့က တပ်ရင်း ၁၂ နဲ့ ရေတပ်ဌာနချုပ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်တွေမြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က ပုဏ္ဏားကျွန်း နဲ့ အမြင့်ကျွန်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်လို့ စစ်တွေမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း ၁၂ နဲ့ ရေတပ်ဌာနချုပ်ကို ကျရောက်ခဲ့တယ်လို့ ပြည်သာရွာက ဒေသခံတစ်ယောက်က ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ ဘာမှမရှိပါဘူး။ အေးအေးဆေးဆေးပါပဲ။ ဘာမှတော့ မရှိပါဘူး။ မြို့ပေါ်မှာတော့ သူတို့ အပြန်အလှန်ပစ်တဲ့ အမြင့်ကျွန်းကနေပြီးတော့ ပစ်တာလား၊ ပုဏ္ဏားကျွန်းကနေ လှမ်းပစ်တာလားတော့ မပြောတတ်ဘူးပေါ့နော်။ ဘယ်သူက စပစ်တယ်တော့ မပြောတတ်ဘူး။ ဒါပေမယ့် အပြန်အလှန်ပစ်တာတော့ အပြန်အလှန် ပစ်ခတ်နေတာ။ အဲဒါ မနေ့ညက ၁၀ နာရီ ကျော်ကျော်လောက်က ပစ်နေတာ၊ တစ်ညလုံး ပစ်နေတာပဲ။ ဂျက်ဖိုက်တာတွေလည်း လာတယ်။ ဟက်စကီးလည်း ဆင်းတယ်။ အသံတွေလည်း ကြားရတယ်ပေါ့နော်။ နောက်တစ်ခုက အဲဒီ အမြင့်ကျွန်းဘက်က ပစ်လိုက်တဲ့ လက်နက်က ၁၂ တပ်ရင်းကို ကျတယ်လို့ကြားတယ်။ စစ်တွေမြို့ပေါ်ရှိတဲ့ ၁၂ တပ်ရင်းကို ကျတယ်။ ကျတော့ အဲဒီတပ်ရင်းကနေ ပြန်ပစ်တယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၈ရက်နေ့ နေ့လည်ပိုင်းမှာလည်း အာရက္ခတပ်တော်က ပစ်လိုက်တဲ့ လက်နက်ကြီးက စစ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ရေတပ်ဌာနချုပ်လုပ်ခဲ့တဲ့ နေရာကိုလည်း ကျရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်နက်ကြီး ပစ်သံတွေ ပြန်ပြီး ကြားလာနေရပေမယ့်လည်း အရင်ကတည်းက ဒီလို ကြားနေရတာကြောင့် စိုးရိမ်စရာမရှိဘူးလို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။

“ဘာမှ မစိုးရိမ်ပါဘူး။ ပုံမှန်အတိုင်းပဲ။ အရင်ကလည်း ပစ်တယ်။ ငြိမ်သွားတယ်။ ဒီလိုပါပဲ၊ အခုလည်း ဖြစ်မယ်ပဲထင်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်တွေမြို့ကို အာရက္ခတပ်တော်က ဝန်းရံပိတ်ဆို့ထားပြီး နှစ်ဖက်အင်အား အပြန်အလှန် ဖြည့်တင်းထားသလို မြေပြင်မှာလည်း စစ်ရေး တင်းမာလျက် ရှိနေပါတယ်။ စစ်ကောင်စီက ဖေဖော်ဝါရီ လဆန်းပိုင်းမှာ စစ်တွေမြို့က စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တွေကို ရာထူးအပြောင်းအလဲတွေ လုပ်ဆောင်နေပြီး စစ်တွေမြို့ကို ဝန်းရံထားတဲ့ ရေတပ်အင်အားတွေကို ဖြည့်တင်းနေသလို စစ်သင်္ဘောတွေကိုလည်း အစီးလိုက် လဲလှယ်ဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Related posts

■ အမေရိကန် နည်းပညာကုမ္ပဏီတွေ ဘာလို့ အိန္ဒိယမှာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံနေကြတာလဲ

တရုတ်က ရက္ခိုင်နဲ့ ကချင်အပေါ် ဘယ်လိုလမ်းကြောင်း ရှိလာနိုင်လဲ

ကျောက်ဖြူစစ်ရှောင်တွေအတွက် သောက်သုံးရေ အခက်အခဲရှိနေ