အာရက္ခတိုင်းမ်စ် (၁၁ မတ် ၂၀၂၅)
ညီနော်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းတာဟာ ၁၅ နှစ်ခန့် ရှိပြီလို့ AA နဲ့ TNLA က MNDAA ရဲ့ ဒီနေ့တွင် ကျရောက်တဲ့ ၃၆ နှစ်မြောက် တပ် တည်ထောင်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာတွင် ရေးသားဖော်ပြထားပါတယ်။
ညီနောင် မဟာမိတ် (၃) ဖွဲ့ အကြား စည်လုံးညီညွတ်မှု၊ နားလည်မှုကို ယခုထက်ပိုပြီး ခိုင်မာသည်ထက်ခိုင်မာအောင် ဆက်လက် လုပ်ဆောင်သွားကြမယ်လို့လည်း AA နဲ့ TNLA က ဆိုပါတယ်။
“လာမယ့်ကာလတွေမှာလည်း မိမိတို့အချင်းချင်းအကြား စုစည်းညီညွတ်မှုဟာ ပိုပြီး အရေးကြီး လာမှာဖြစ်သလို မိမိတို့ လက်ရှိရရှိထားတဲ့ အောင်မြင်မှုရဲ့ အသီးအပွင့်တွေ တာရှည်ခံပြီး ပိုမို ဖွံ့ဖြိုးလာစေရန် အစမ်းသပ်ခံကာလများလည်းဖြစ်တယ်” လို့လည်း ဆိုပါတယ်။
အလားတူ လာမယ့် ကာလတွေမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေရှိလာရင်လည်း အရင်ကအတိုင်း ညီနောင်မဟာမိတ်ပီသစွာနဲ့ စုစည်းကျော်ဖြတ်သွားကြရန် အမြဲအသင့်ရှိနေတယ်လို့လည်း AA နဲ့ TNLA က ဆိုပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းများအတွက်လည်း အတုယူစရာ နမူနာကောင်းများကို လမ်းညွှန်ပြသထားခဲ့ပြီး လက်ရှိ ကိုးကန့် အဖွဲ့အစည်းကို ခေါင်းဆောင်နေကြတဲ့ ခေါင်းဆောင်ကြီးများရဲ့ ဦးဆောင်မှုအောက်တွင် ကိုးကန့်အဖွဲ့အစည်းက လိုလားတဲ့ ကိုးကန့်ရွှေရောင်နေ့ရက်များကို ပြန်လည်ရောက်ရှိလာပါစေကြောင်း ညီရင်းအစ်ကိုစိတ်အပြည့်နဲ့ ဆုမွန်ကောင်း တောင်းပေးပါတယ်လို့လည်း AA နဲ့ TNLA က ဆိုပါတယ်။