ဂွတွင် စစ်ကောင်စီဗုံးကြဲလို့ သားအဖနှစ်ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၁ မတ် ၂၀၂၅)

ရက္ခိုင်ပြည် ဂွမြို့နယ် ဘဝင်ကျေးရွာကို စစ်ကောင်စီက မတ်လ ၈ရက် မနက် ၂ နာရီခန့်တွင် လေယာဉ်နဲ့ ဗုံးလာကြဲလို့ သားအဖနှစ်ဦး သေးဆုံးခဲ့တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“မိသားစု ၄ ယောက် အိပ်နေကြတာ၊ အဖေဖြစ်တဲ့သူက ပွဲချင်းပြီး ဆုံးသွားတယ်။ သမီးကတော့ နောက်နေ့မှာ ဒဏ်ရာပြင်းထန်လို့ ဆုံးသွားတယ်။ သားလည်း ဒဏ်ရာတော့ တော်တော်လေးကို ပြင်းပြင်းထန်ထန် ရထားတယ်” လို့ အဆိုပါမိသားစုကို ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူမှာ ဖခင်ဖြစ်သူ ဦးထွန်းအောင်သိန်း နဲ့ သမီးဖြစ်သူ မမေသဇင် တို့ဖြစ်ပြီး သားဖြစ်သူ မောင်ဖြိုးဝေစိုးမှာ ဒဏ်ရာပြင်ထန် ရထားတယ်လို့လည်း သိရပါတယ်။

အလားတူ စစ်ကောင်စီဟာ ဂွမြို့နယ်အတွင်းရှိ ကံ့ကော်တောင်ကျေးရွာကို ဖေဖော်ဝါရီ ၄ရက်နေ့က တစ်ကြိမ်၊ ကျိန္တလီမြို့ကို ၈ရက်နေ့က တစ်ကြိမ် နဲ့ ဘဝင်ကျေးရွာကို ၁၀ရက်နေ့က တစ်ကြိမ် ဗုံးကြဲခဲ့ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ နယ်မြေဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီအနေနဲ့ လေကြောင်းနဲ့ တိုက်ခိုက် ဗုံးကြဲမှုတွေဟာ ပိုများလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဥာဏ်လင်းသစ်ရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်မှာ လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၁၄၇၆ ကြိမ် ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာအထိ ကိုးလမှာတင် ၁၉၁၅ ကြိမ် ရှိလာကာ အကြိမ် ၅၀၀ ကျော် တိုးလာပါတယ်။

Related posts

နိုဝင်ဘာ ၂၃ ကနေ ၂၄ ရက်တွင် ရက္ခိုင်မြောက်ပိုင်း မိုးဖွဲကနေ မိုးကွက်ကျားရွာနိုင်

သာပေါင်းမှာ အလုပ်ကပြန်လာတဲ့ ရက္ခိုင်စစ်ရှောင် ၃ ဦးကို စစ်ကောင်စီက AA လို့ စွပ်စွဲပြီး ဖမ်းဆီး

လိုင်ဇာ ဗိုလ်သင်တန်းကျောင်းမှာ အသက်ဆုံးရှုံးခဲ့တဲ့ ဗိုလ်လောင်း ၈ ဦးအတွက် ၁၂ နှစ်ပြည့် AA  သတိရဂုဏ်ပြု