AA က သင်္ကြန်အတွက် စည်းကမ်း ၆ ချက် ထုတ်

အာရက္ခတိုင်းမ်စ် (၄ ဧပြီ ၂၀၂၅)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေမှာ နေထိုင်နေတဲ့ ပြည်သူများကို သင်္ကြန်ကာလအတွင်း လိုက်နာရန် စည်းကမ်းချက် (၆) ချက် ကို  အာရက္ခပြည်သူ့တော်လှန်‌ရေးအစိုးရက ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ တရားဝင်တော့ ခေါ်ပြောတာမျိုး မရှိသေးဘူး။ မနှစ်ကလည်း ဒီလိုပဲ လူစုလူဝေး မလုပ်ဖို့ကတော့ ပြောခဲ့ဖူးတယ်။ ဒီနှစ်လည်း စစ်ကောင်စီရဲ့ လေကြောင်းရန် အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြည်သူတွေ သတိနဲ့ နေထိုင်လို့ရအောင် အသိပေးတာပါ” လို့ ပုဏ္ဏကျွန်းမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက် (၆) ချက် ကတော့ လူအရေအတွက် အများအပြား စီးနင်းလိုက်ပါလာတဲ့ ကားများနဲ့ မြို့ထဲတွင် လှည့်ပတ်ခြင်း၊ ရေကစားခြင်း မပြုလုပ်ရ၊ တမြို့နဲ့တမြို့ တရွာနဲ့တရွာ ကားများနဲ့ ကခုန်လှည့်ပတ်ပြီး သွားလား ရေကစားခြင်းများ မပြုလုပ်ရ၊ လူစုလူဝေးဖြစ်စေတဲ့ သင်္ကြန်မဏ္ဍပ်များပြုလုပ်ပြီး ရေကစားခြင်း မပြုလုပ်ရ၊ လူစု လူဝေး ဖြစ်စေတဲ့ Show ပွဲများ ကျင်းပခြင်း မပြုလုပ်ရ၊ ဘုန်းကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်ခြင်း အလှူအတန်းများပြုလုပ်ခြင်းများကို လူစုလူဝေးများနဲ့ မပြုလုပ်ရ နဲ့ ပြည်သူများရဲ့ လုံခြုံရေးကို လေးစားလိုက်နာသောအားဖြင့် မြို့ ရွာများအတွင်းတွင် ဆောင်းဘောက်များ ဆူညံစွာဖွင့်ခြင်း လူမှုပတ်ဝန်းကျင်ကို အသံ အပြုအမူများနဲ့ အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်များကို မပြုလုပ်ရ စတဲ့ အချက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စည်းကမ်းသတ်မှတ်ချက်တွေကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း  ဦးဆောင်လုပ်ကိုင်နေတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်သူတို့ကို အကျိုးသင့် အကြောင်းသင့် ရှင်းပြခြင်း မေတ္တာရပ်ခံခြင်း ပြုလုပ်ပေးရန်နဲ့ ပြည်သူတို့အနေနဲ့လည်း အခြေအနေ အဖက်ဖက်ကိုထောက်ထားပြီး သည်းခံစိတ်ရှည်မှုနဲ့အတူ စည်းကမ်းတွေကို တိကျစွာလိုက်နာဖို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

“ ကပ်ဆိုက်နေတဲ့ ဒီကာလမှာ ပျော်ပွဲ ရွှင်ပွဲ မလုပ်တာတော့ အကောင်းဆုံးပေါ့။ ကျနော်တို့က စစ်ဘေးဒဏ်ခံနေရတာ၊ အခြားဒေသတွေမှာ ငလျင်ဘေးဒဏ်ခံနေရတယ်။ တစ်ဖက်မှာ လူနေငိုနေချိန်မှာ တစ်ဖက် ပျော်ပွဲ ရွှင်ပွဲ ကျင်းပတာကလည်း လူသားမဆန်တဲ့ အပြုအမူလေ။ အခုလိုမျိုး ထုတ်ပြန်တာကို ကြိုဆိုပါတယ်” လို့ သံတွဲမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အထက်ပါ စည်းကမ်းချက်တွေကို  ပြည်သူတို့ လိုက်နာမှု ရှိ မရှိကို သက်ဆိုင်ရာတာဝန်ရှိသူတို့အနေနဲ့   စောင့်ကြည့်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ