AA ရှိရာ နေရာများကို စစ်ကောင်စီက နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေ

အာရက္ခတိုင်းမ်စ် (၆ ဧပြီ ၂၀၂၅)

ရက္ခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ရာနယ်မြေများ၊ စစ်ကောင်စီနဲ့ ထိတွေ့နေရာများနဲ့ ပဲခူး၊ မကွေးတိုင်းက အာရက္ခတပ်တော်ရဲ့ စစ်ကြောင်းနေရာများကို အပစ်ရက်ကြေညာထားတဲ့ စစ်ကောင်စီဟာ နေ့စဉ်ရက်ဆက်ဆိုသလို လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်း နဲ့ စစ်သင်္ဘောပေါ်ကနေ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“ မိမိတို့ဟာ ထုတ်ပြန်ချက်ထုတ်ပြီးတာနဲ့ တစ်ပြိုင်နက်တည်းတွင် ထိုးစစ်များ၊ တိုက်ပွဲများကို ဆက်လက်မပြုလုပ်တော့ဘဲ ချက်ချင်းရပ်တန့်ခဲ့ပါတယ်။ သို့သော်လည်း ဖက်ဆစ်စစ်ကောင်စီဟာ သူတို့ကိုယ်တိုင် တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂) ရက် နဲ့ ယင်းနေ့ရက် မတိုင်မီရက်များတွင်လည်း ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ နဲ့ စစ်တွေမြို့ပတ်ဝန်းကျင်ရှိ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များကို လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်း နဲ့ စစ်သင်္ဘောများပေါ်ကနေ ပစ်ခတ် တိုက်ခိုက်ခြင်းများကို ဒီနေ့အထိ နေ့တိုင်း ဆက်တိုက်ပြုလုပ်နေခဲ့ပါတယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့ တဖက်သတ်အပစ်ရပ်ကြောင်း ထုတ်ပြန် ကြေညာပြီးတဲ့နေ့ကစပြီး ဒီနေ့အထိ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကို အာရက္ခတပ်တော်အနေနဲ့ မည်သည့်တုံ့ပြန်မှုမျိုးမှ မပြုလုပ်ဘဲ ဒဏ်ရာရ၊ အသက်စွန့်လွှတ်ခဲ့ရတဲ့ စစ်သည်တော်များ ရှိတာတောင် ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ပါအတိုင်း တိကျစွာ လိုက်နာခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂) ရက်တွင် စစ်ကောင်စီဟာ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ သပြုတောင်၊ ပြားတဲ နဲ့ ပြင်ရှည်ကျေးရွာအနီးပတ်ဝန်းကျင်များကို လက်နက်ကြီး၊ ဒရုန်းများနဲ့ အဓိက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင် အမှတ် (၃၂) ရဲတပ်ရင်း၊ မြေပြင်စစ်ကြောင်းများက အဓိကတိုက်ခိုက်ခဲ့ပြီး ဧပြီလ (၂) ရက် တစ်ရက်တည်းတွင် Drop Bomb အရေအတွက် (၉၀) ကြိမ်ခန့် နဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု (၆၀) ကြိမ် ထက်မက ရှိခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ဖော် ပြောဆိုလာပါတယ်။

အလားတူ နှစ်ဖက်ရင်ဆိုင်တပ်များရှိတဲ့ စစ်တွေမြို့ နဲ့ ပုဏ္ဏားကျွန်းမြို့ဘက်တွင် စစ်ကောင်စီရဲ့ ရွှေမင်းဂံ ဆိပ်ကမ်းဘက်ကနေ ပေါက်တောမြို့၊ ငပြီကျွန်းဘက်ကို (၁၂၀) မမ လက်နက်ကြီးများနဲ့ (၆) ကြိမ် တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂)  ရက်တွင် ပဲခူးတိုင်း၊ ညောင်ကျိုးဗျူဟာစခန်းကုန်းကို အာရက္ခတပ်တော်က အလုံးစုံသိမ်းပိုက်ရရှိနိုင်ခဲ့ပြီး အဆိုပါစခန်းရရှိအောင် အာရက္ခတပ်တော်အနေနဲ့ (၁၆) ရက်ကြာထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၃ရက်၊ ၄ရက်၊ ၅ရက် တွင်လည်း စစ်ကောင်စီဟာ  သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင်၊ အမှတ် (၃၂) ရဲတပ်ရင်း နဲ့ မြေပြင်စစ်ကြောင်းများအပြင် စစ်သင်္ဘော၊ ဂျက်တိုက်လေယာဉ် များကိုပါ အသုံးပြုပြီး ကျောက်ဖြူမြို့နယ်အတွင်းရှိ ကြတ်တိန် (ကြတ္တိန်)၊ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်၊ လိပ်ခမော်၊ ကုလားဘာ၊ ဟင်းခပ်ပြင်ကျေးရွာပတ်ဝန်းကျင်များကို လက်နက်ကြီး၊ ဒရော့ဗုံးများအပြင် ဂျက်တိုက်လေယာဉ်၊ စစ်သင်္ဘောကြီးများပေါ်ကလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
 
အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၅) ရက် တစ်ရက်တည်းတွင် Drop Bomb အကြိမ် အရေအတွက် (၆၀) ကျော် နဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု (၅၀) ကြိမ်အထက်ရှိခဲ့ပြီး စစ်တွေမြိ့းနယ်၊ ချောင်းနွယ်၊ မင်းဂံရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ စစ်တွေမြို့နယ်၊ မင်းလှရွာရှိ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များကို ဒရုန်းများနဲ့ နံနက် (၉) နာရီ (၂၇) မိနစ် က စတင်ပြီး (၂) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
 
အလားတူ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၅) ရက်၊ ညနေ (၃) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များရှိရာ နေရာကို စစ်ကောင်စီဟာ Y12 ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

စစ်ကောင်စီဟာ သူတို့ကိုယ်တိုင် တစ်ဖက်သတ် ထုတ်ပြန်ထားတဲ့ အပစ်ရပ်ဆိုင်ရာပါ အကြောင်းအရာများကို လေးစားလိုက်နာခြင်းမရှိဘဲ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ