အာရက္ခတိုင်းမ်စ် (၂၂ ဧပြီလ ၂၀၂၅)
စစ်ကောင်စီအနေနဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန် (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ရွေးကောက်ပွဲကို ကျင်းပသွားမယ်လို့ တစ်ကမ္ဘာလုံးသိအောင် တရားဝင် ထုတ်ဖော်ပြောကြားထားတာကြောင့် မဖြစ်မနေ ကျင်းပမှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌက မြန်မာနှစ်သစ်ကူးကာလ နှစ်ဆန်းတစ်ရက်နေ့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ကြဖို့ ထည့်သွင်း ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ အခုတစ်ခေါက် ရွေးကောက်ပွဲပြုလုပ်ဖို့ကို တရုတ်၊ ရုရှားအပါအဝင် အာဆီယံနိုင်ငံတွေကိုပါ ကတိပေးထားတာကြောင့် မကျင်းပလို့ မဖြစ်တဲ့အနေထားဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“တရုတ်က မင်းတို့ တော်ပြီ တော်လောက်ပြီ။ ငါ့ရဲ့ ထောက်ခံချက်နဲ့ ငါ့မျက်နှာလည်းကြည့်ဦး မင်းတို့ လိမ်စားနေတာ။ ငါက မင်းတို့ကို ထောက်ခံနေရတာ ပြောလို့သာ ရွေးကောက်ပွဲကကို အတိအကျ ကမ္ဘာကြီးကို ကတိပေးထားရတာလေ။ ဒီတစ်ခါ လိမ်မရတော့ဘူး။ ဒီတစ်ခါ ဝိုင်းကြီးချုပ် ချုပ်ထားပြီ။ ရုရှားတို့၊ တရုတ်တို့၊ အိမ်နီးနားချင်း အာဆီယံတို့နဲ့ ဝိုင်းကြီးချုပ် ချုပ်ထားပြီ။ ရွေးကောက်ပွဲမလုပ်လို့ရှိရင် ခွေးအဆင့်တောင် ရမှာမဟုတ်တော့ဘူး” လို့ သူက ပြောပါတယ်။
စစ်ကောင်စီဟာ ၂၀၂၀ ခုနှစ်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပါတီ NLD ကို မဲမသမာမှုလုပ်တယ်ဆိုပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်တာပါ။
အဲဒီတုန်းက ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပပြီး အရပ်သားအစိုးရထံကို ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့ ဆိုပေမယ့် နိုင်ငံမတည်ငြိမ်မှုကို အကြောင်းပြပြီး ၆ လတစ်ကြိမ်စီ သက်တမ်းတိုးလာခဲ့တာဟာ ဒီကနေ့အချိန်အထိပဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ အာဏာစသိမ်းကတည်းက ရွေးကောက်ပွဲကို ပြုလုပ်ပေးလို့ရပေမယ့် အာဏာရှင်စနစ်ကို ဆွဲဆန့်ချင်တာကြောင့် ရွေးကောက်ပွဲမလုပ်ဘဲနေခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“ရွေးကောက်ပွဲက လိမ်မယ့်ရွေးကောက်ပွဲပဲ။ လိမ်တာ ဘယ်အချိန် ထလိမ်လိမ် တစ်ရေးနိုးထလိမ်လည်း လိမ်တာပဲပေါ့။ ဘာမှမထူးခြားဘူး။ အရင်တုန်းကလည်း လွန်ခဲ့တဲ့ ၅ နှစ်ကလည်းပဲ ရွေးကောက်ပွဲလုပ်လို့ရတာပဲ။ တမင်သက်သက် အာဏာရှင်စနစ်ကို ဆွဲဆန့်သွားချင်လို့ မလုပ်ဘဲနဲ့ နေတာ။ လုပ်လို့ရတယ်။ လိမ်မှာလေ။ လိမ်မှာဆိုတော့ တစ်ရေးနိုးထလိမ်လည်း လိမ်လို့ရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ကောင်စီဘက်မှ မြို့နယ်ပေါင်း ၉၀ ကျော်၊ စစ်ဌာနချုပ်အချို့နဲ့ စစ်စခန်းပေါင်း ရာချီတို့ကို လက်လွှတ်ထားရတဲ့အနေအထားပဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေပြီး ရွေးကောက်ပွဲ ဝင်ချင်တဲ့ပါတီတွေ မေလ ၉ ရက် နောက်ဆုံးထား မှတ်ပုံတင်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။