အာရက္ခတိုင်းမ်စ် (၂၇ ဧပြီ ၂၀၂၅)
စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက စပါးရိတ်သိမ်းခြွေလှေ့စက်တွေကို လိုင်စင်မေးပြီး ပိုက်ဆံတောင်းတာတွေ လုပ်နေတယ်လို့ တောင်သူများနဲ့ ကားသမားတွေထံကနေ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တစ်ခုနဲ့တစ်ခုကို သယ်ဆောင်ရာမှာပဲ ဖြစ်ဖြစ်၊ ဧရာဝတီကနေ ရန်ကုန်၊ ရန်ကုန်ကနေ ဧရာဝတီ ဒါမှမဟုတ် ဧရာဝတီကနေ ပဲခူး၊ ရန်ကုန်ကနေ ပဲခူးတိုင်းကို အဲဒီစပါးရိတ်သိမ်းခြွေလှေ့စက်တွေကို သယ်ဆောင်ရာမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို တစ်ဂိတ်ကို အနည်းဆုံး ၁ သောင်းကနေ ၃ သောင်းအထိ ပေးကြရတယ်လို့ ကားသမားတွေက ပြောပါတယ်။
ရိတ်သိမ်းခြွေလှေ့စက်တွေကို သယ်ဆောင်ရာမှာ နယ်ကျော်တာ၊ လိုင်စင်မရှိတာကို အကြောင်းပြပြီးတော့ ပိုက်ဆံပေးနေရတယ်လို့ ဧရာဝတီတိုင်းဒေသကြီးက တောင်သူတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ စပါးမပြောနဲ့ ရိတ်စက်ကို ဒီကနေ မော်ကျွန်းသွားတာတောင် နယ်ကျော်တယ်ဆိုပြီးတော့ ဒဏ်ငွေ ၁ သောင်း ပေးခဲ့ရတယ်။ မော်တော်လိုင်စင်မေးတယ်၊ ရိတ်စက် လုပ်ငန်းလိုင်စင် မေးတယ်။ ရိတ်စက်က လုပ်ငန်းလိုင်စင် မရှိဘူးလို့။ သွားတိုင်း သွားတိုင်းမှာ ရိတ်စက်သမားတွေက ပိုက်ဆံပေးပြီး သွားနေရတယ်။ ဂိတ်တိုင်း ဂိတ်တိုင်းမှာ ပေးနေရတာ။ အနည်းဆုံး မပေးရဘူးဆိုရင် ၁ သောင်းပဲ။ ၁၀ ဂိတ်ဆိုရင် ၁ သိန်းပဲ။ ဖျာပုံတံတားမှာ ၃ သောင်း ပေးခဲ့ရတယ်။ အဲဒါ ဂိတ်တိုင်း ပေးရတာ” လို့ ပြောပါတယ်။
စပါးရိတ်သိမ်းခြွေလှေ့တဲ့စက်တွေက ပြည်ပကနေ တင်သွင်းကတည်းက တင်သွင်းသူတွေက အမြတ်တော်ခွန် ဆောင်ထားပြီးသားဖြစ်တာကြောင့် လုပ်ငန်းလိုင်စင်တွေ၊ ယာဉ်လိုင်စင်တွေက လုပ်ဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။
ဒါကို စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက မော်တော်ကားနဲ့ ဆိုင်ကယ်တို့လို့ လိုင်စင်ရှိတယ်ထင်ပြီးတော့ လိုင်စင်မရှိတာကို အကြောင်းပြပြီး ပိုက်ဆံတောင်းတာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
“ ရိတ်စက်က လိုင်စင် မရှိဘူးလေ။ နဂိုကတည်းက အမြတ်တော်ခွန် ပေးပြီးသားလေ ဆောင်ပြီးသားလေ။ တင်သွင်းသူက ဆောင်ပြီးသားလေ။ ပါပြီးသားလေ။ တားတဲ့သူက မသိဘူးလေ လိုင်စင်တောင်းတာ။ ဘာမှန်းညာမှန်းတောင် သူတို့ သိတာ မဟုတ်ဘူး။ ဆိုင်ကယ်လိုင်စင်လိုမျိုး၊ ကားလိုင်စင်လိုမျိုး အောက်မေ့ပြီး သူတို့က မေးတာ။ ကားသမားက ဧရာဝတီတိုင်းလည်း ပေးရတာပဲ။ ရန်ကုန်တိုင်းလည်း ပေးရတာပဲ။ ဘာလို့ဆို ဓနုဖြူဘက်က စက်တွေ၊ ပဲခူးဘက်က စက်တွေ အကုန်လာတာပဲလေ” လို့ ပြောပါတယ်။
အဲဒါအပြင် ရိတ်သိမ်းခြွေလှေ့စက်တွေကို သယ်ရာမှာ ကုန်တင်ကားကြီးတွေ၊ တွဲကားကြီးတွေပေါ်ကို တင်ပြီးမှပဲ သယ်လို့ရတာကြောင့် အဲဒီလိုသယ်ရာမှာလည်း ယာဉ်ပေါ်ယာဉ်ဆင့် သယ်လို့ဆိုပြီး ဒဏ်ငွေထပ်ကောက်တာတွေလည်း ရှိပါတယ်။