မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မေ ၆ ရက်နေ့ ညနေပိုင်းက မန္တလေးကနေရန်ကုန်ကို ပျံသန်းမယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ခရီးသည်တင် UB 812 လေယာဉ်တစီး ပြေးလမ်းပေါ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ခရီးသွားပြည်သူတဦးကတော့ “ကပ္ပတိန်ကိုယ်တိုင် မီးငြှိမ်းနေပါပြီလို့ ဝန်ခံတဲ့အချိန်ထိတောင် Emergency တံခါးပေးမဖွင့်ဘူး၊ ဆိုးလိုက်တဲ့ MNA။ ပြီးတော့ ပြေးလမ်းပေါ်မှာ ဒါတောင် အပေါ်ပျံဖို့ နှစ်ခါ ကြိုးစားသေးတာ လုံးဝ မတက်လို့၊ ညှော်နံ့ထွက်မှ မီးလောင်မှန်းသိတာ” ဟု ခရီးသွားပြည်သူတစ်ဦးရဲ့ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားတာကို တွေ့ရှိရပါတယ်။
မေ ၆ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ခန့်မှာ မြန်မာအမျိုးသားလေကြောင်းရဲ့ ခရီးစဉ် UB – 812 Boeing XY-ALV နဲ့ မန္တလေးမြို့ကနေ ရန်ကုန်မြို့သို့ စတင်ထွက်ခွာခဲ့ပါတယ်။ ထိုလေယာဉ်သည် ခရီးသည် (၁၄၃ )ဦး ကို သယ်ဆောင်ပျံတက်ရန် ပြုလုပ်နေစဉ်မှာပဲ လေယာဉ်ပြေးလမ်းပေါ်မှာ ပုံမှန်မဟုတ်တဲ့ အချက်ပြမှုဖြစ်ပေါ်လာတာကြောင့် လေယာဉ်မှူးကနေ ပြေးလမ်းပေါ်တွင်ပျံသန်းမှု ရပ်တန့်ခြင်းပြုလုပ်ခဲ့တယ်။
ထိုသို့ပြုလုပ်နေစဉ်အတွင်းမှာ လေယာဉ်ရဲ့ Brake စနစ် ပူပြင်းမှုကြောင့် လေယာဉ်ရဲ့ ဘယ်ဖက်တာယာများ ပွင့်ထွက်လွင့်စင်မှု ဖြစ်ပေါ်ခဲ့ပြီး မီးတောက်ဖြစ်လာခဲ့သဖြင့် အချိန်မှီ ငြိမ်းသက်နိုင်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ လေယာဉ်ဘီးများ ကောင်းမွန်ပြီး လေယာဉ်ပြေးလမ်းရဲ့ မြောက်ဘက်ထိပ်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ပြေးလမ်းပေါ်တွင် ရပ်တန့်နိုင်ခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ ပါရှိတဲ့ လေယာဉ်အမှုထမ်းများ လိုက်နာကျင့်သုံးရတဲ့ Safety Operating Procedure များအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်များနဲ့ လေယာဉ်အမှုထမ်းများ အားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာနဲ့ လေဆိပ်နားနေဆောင်ကို ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းက မေ ၇ ရက်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာအမျိုးသားလေကြောင်း အနေနဲ့ ခရီးစဉ်တွင် ပါရှိသောခရီးသည်များကို ရန်ကုန်မြို့သို့ အစားထိုးလေယာဉ်များဖြင့် ပို့ဆောင်ပေးနိုင်ခဲ့ပြီးတော့ ခရီးသည်များရဲ့ လိုအပ်ချက်များအတိုင်း အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။
ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာအမျိုးသားလေကြောင်း မှ ခရီးသွားမိဘပြည်သူများကို အနူးအညွတ် တောင်းပန်အပ်ပါတယ်။ အခုလို မတော်တဆ ဖြစ်ပွားမှုကို မြန်မာအမျိုးသားလေကြောင်း အနေနဲ့ စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နေပြီဆိုတာကိုလဲ အသိပေး ထုတ်ပြန်ထားပါတယ်။