ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်၊ ဒေသခံတွေ စစ်ရှောင်ဖို့ ငွေများစွာသုံးနေရ

အာရက္ခတိုင်းမ်စ် (၁၅ ဇွန် ၂၀၂၅)

အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဒေသခံတွေဟာ ငွေ မြောက်များစွာသုံးပြီး တိုက်ပွဲရှောင်နေရတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို တိုက်ပွဲရှောင်ရန် သွားချင်ပေမယ့် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် မသွားရဲကြဘဲ စစ်ကောင်စီက သွားခွင့်ပြုတဲ့ ရန်ကုန်မြို့ကိုသာ စစ်ရှောင်ရန် သွားနေရတယ်လို့ သိရပါတယ်။

ကျောက်ဖြူကနေ ရန်ကုန်ကို လေယာဉ်လက်မှတ်ဈေးနှုန်းက ၅ သိန်းကျပ်ကျော်သာ ရှိပေမယ့်လည်း လက်ရှိမှာ ၁၁ သိန်း အထိ တောင်းခံနေတယ်လို့ သိရပါတယ်။

လေယာဉ်လက်မှတ် အရောင်းဆိုင်တွေက လေယာဉ်လက်မှတ်ခကို ပုံမှန်ဈေးနှုန်းဖြစ်တဲ့ ၅၉၉၀၀ ကျပ်ဖြင့် ရောင်းချပေးသော်လည်း ပွဲစားတွေရဲ့ အကြောင်းပြချက်အမျိုးမျိုးကြောင့် ၁၁ သိန်း အထိ ပေးဆောင်နေရတာ ဖြစ်တယ်လို့ ရန်ကုန်ရှိ လေယာဉ်လက်မှတ် အရောင်းဌာနတစ်ခုက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ လေယာဉ်ဈေးကတော့ ညီမတို့ ပုံမှန်ဈေးပဲ ဖြတ်ပေးတယ်။ အဲဒီမှာလေ ပွဲစားတွေက ရန်ကုန်ကနေ စစ်ရှောင်လာတဲ့သူတွေကို ရန်ကုန် လေယာဉ်လက်မှတ်ဈေးကတော့ ပုံမှန်ဈေး ၅ သိန်းကျော်ပဲ။ ပုံမှန်ဈေးနဲ့ပဲ ဖြတ်ပေးနေတာ။ ကျန်တဲ့ပိုက်ဆံ၊ ကျန်တဲ့ကိစ္စတွေကတော့ ပွဲးစားတွေပေါ့။ လေယာဉ်လက်မှတ်ဈေးကတော့ ၁၁ သိန်း မရှိဘူး။ ပွဲစားတွေပေါ့ ရန်ကုန်ကနေ လေယာဉ်လက်မှတ်အပြီးအစီးရယ် ရက္ခိုင်ကတစ်ယောက် စစ်ရှောင်စရိတ်က ၁၁ သိန်း အဲဒီလိုရှိတယ်” လို့ ပြောပါတယ်။

ရန်ကုန်ကနေ ကျောက်ဖြူ၊ ကျောက်ဖြူကနေ ရန်ကုန်ကို ခရီးသည် အနည်းအများပေါ် မူတည်ပြီးတော့ လေယာဉ်က နေ့စဉ် ပျံသန်းပြေးဆွဲမှု ရှိနေတယ်လို့ ရန်ကုန် လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုထံကနေ သိရပါတယ်။

သို့ပေမယ့် လေယာဉ်လက်မှတ်ဈေးကတော့ ပုံမှန်ဈေး ၅ သိန်းကျော်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ လေယာဉ်လက်မှတ် တစ်ခုတည်း မဟုတ်ဘူး။ ပွဲစားတွေကတော့ လေယာဉ်လက်မှတ် အပြီးအစီး သူတို့ ပြောထားတယ်။ ကြားထဲက စရိတ်တွေ တွက်ဆပြီးတော့ အကုန်လုံးပေါင်းပြီးတော့ ပြောကြတာလေ။ လေယာဉ်လက်မှတ်ဈေးကတော့ ၁၁ သိန်းမဟုတ်ဘူး။ ပုံမှန်ဈေး ၅ သိန်းကျော်” လို့ ပြောပါတယ်။

ခရီးသည်တွေ ၁၁ သိန်း ပေးဝယ်နေရတဲ့ လေယာဉ်လက်မှတ်က ပွဲစားတွေက လက်မှတ်ဝယ်ယူတဲ့ ခရီးသည်တွေကို လေယာဉ်ခရီးစဉ် နေ့တိုင်းမရှိတဲ့အတွက် ဦးရာလူစနစ်နဲ့ပဲ ရောင်းချနေရတာလို့ လိမ်လည်ပြောဆိုပြီး လက်မှတ်ဈေးနှုန်းတွေကို မြှင့်တင်ရောင်းချနေတာလည်း ဖြစ်ပါတယ်။

လေယာဉ်လက်မှတ်ဈေးနှုန်း အဆမတန် ပေးဝယ်နေရတာ၊ အလွယ်တကူ မရတာတွေနဲ့ ကျောက်ဖြူမြို့အတွင်း စစ်ကောင်စီက အသွားအလာ ကန့်သတ်ထားတာတွေကြောင့် ရန်ကုန်နဲ့ မန္တလေးကို စစ်ရှောင်လိုတဲ့ ဒေသခံအများအပြား ရှိနေတယ်လို့ ကျောက်ဖြူဒေသခံတွေထံကနေ သိရပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ