အာရက္ခတိုင်းမ်စ် (၁၆ ဇွန် ၂၀၂၅)
ရက္ခိုင်ပြည် စစ်တွေမြို့မှာ စားနပ်ရိက္ခာတွေ သယ်ဆောင်လာတတ်တဲ့ သင်္ဘောတွေဟာ မိုးတွင်းကာလမှာ ရာသီဥတုကြောင့် အချိန်ကာလအတန်ကြာတဲ့အထိ မရောက်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရက္ခိုင်ပြည်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲကြောင့် စစ်ကောင်စီဟာ ဖြတ်လေးဖြတ် ပြုလုပ်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလလောက်မှ စတင်ကာ စစ်ကောင်စီဟာ ရန်ကုန်ကနေ စစ်တွေသို့ ကုန်တင်သင်္ဘောတွေကို စတင် ပြေးဆွဲခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေဟာ ကုန်တင်သင်္ဘောတွေရောက်မှ ဆန်အပါအဝင် တခြားသော စားသောက်ကုန်တွေကို စားသုံးလို့ ရတာကြောင့် မိုးတွင်းကာလမှာ ရာသီဥတုကြောင့် ကုန်တင်သင်္ဘောတွေ မရောက်လာမှာကို စိုးရိမ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆန်က မရှားဘူး မဟုတ်ဘူး မိုးတွင်းအတွက် သင်္ဘောတွေ မဝင်ဖြစ်ဘူးဆိုရင်တော့ ရှားမှာပေါ့။ အခုက အဲဒီသင်္ဘောနဲ့လာတဲ့ ဆန်တစ်မျိုးတည်းပဲ စားနေရတာလေ။ ဒီဘက်က ဆန်တွေ ထွက်မှမထွက်တာ။ ဒီတစ်ခေါက် တော်တော်ကြာသွားတယ်။ ဒါပေမယ့် အခုဒီတစ်ခေါက်က မကြာဘူး ပထမတစ်ခေါက်က ကြာတာ။ ပထမတစ်ခေါက်က ၃ လ လောက် ကြာသွားတယ်နဲ့တူတယ်။ သင်္ကြန်နဲ့ ဘာနဲ့ မုန်တိုင်းရှိတယ်တို့ ဘာညာတို့တွေနဲ့လေ။ တက်ခွင့်မပေးဘူးဆိုပြီးတော့ သွားခွင့်မပေးဘူး မုန်တိုင်းရှိလို့ဆိုပြီးတော့ နှစ်လ လောက်တော့ ကြာသွားတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သင်္ဘောမရောက်တဲ့အခါတွေမှာ ဆန်အပါအဝင် ကုန်ဈေးနှုန်းတွေဟာ ဈေးမြင့်တက်ခဲ့ပြီး ပြီးခဲ့အခေါက် သင်္ဘော မရောက်ခင်တုန်းက ဆန်တွေ ဝယ်မရ ဖြစ်ခဲ့ကြကြောင်း သိရပါတယ်။
အဲဒီလို ဝယ်မရ ဖြစ်တာဟာ ဆန်တွေမရှိတာကြောင့် မဟုတ်ဘဲ ဆန်ဆိုင်တွေက နောက်ထပ်သင်္ဘော ဘယ်အချိန် ရောက်လာမလဲ မသိတာကြောင့် မရောင်းဘဲ သိုလှောင်ထားကြတာတွေကြောင့် ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
သင်္ဘောရောက်လာတဲ့အခါမှာတော့ ကုန်ဈေးနှုန်းတွေက ပြန်ကျသွားတတ်တယ်လို့လည်း သိရပါတယ်။
“ဧည့်မထဆန်တွေက နှစ်မျိုးရှိတယ်။ အညံ့တစ်မျိုးနဲ့ အကောင်းတစ်မျိုး၊ အဲဒါတွေက သင်္ဘောရောက်တယ်ဆိုတာနဲ့ ဝယ်ကြတယ်။ ဆိုင်တွေက ဝယ်တယ်၊ ရောင်းမယ့်သူ ဝယ်တယ်။ ရောင်းဖို့အတွက် လှောင်တဲ့သူ ဝယ်တယ်။ သင်္ဘောမလာတော့ဘူးဆို ထုတ်ရောင်းတယ်။ ဈေးတက်တယ်။ ဆန်ဆိုင်တွေမှာ သွားဝယ်ရင် ဆန်မရှိဘူးပေါ့။ အပြင်ဆိုင်တွေမှာ ဝယ်လို့ရတယ် ဈေးကြီးတယ်။ ပေါ်ဆန်းမွှေးက သိပ်ဈေးမတက်ဘူး။ ပြီးတော့ ပေါ်ဆန်းမွှေးလည်း သိပ်စားတဲ့လူ မရှိဘူး” လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲဟာ အခုဆို ၁ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ဒေသခံလူထုတွေဟာ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အစားအသောက်နှင့် ဆေးဝါးရှားပါးမှု၊ အလုပ်အကိုင် ရှားပါးမှုအပြင် ပညာရေးချို့ယွင်းမှုတို့နဲ့ပါ ရင်ဆိုင်နေကြရပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ သိမ်းပိုက်ဖို့ ကျန်ရှိတဲ့ မြို့ ၃ မြို့ထဲကမှ ကျောက်ဖြူမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေတာပါ။