အာရက္ခတိုင်းမ်စ် (၂၄ ဇွန် ၂၀၂၅)
နိုင်ငံကြီးများအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ ဝင်မရှုပ်နိုင်ကြတော့တာကြောင့် တော်လှန်ရေးအတွက် ကောင်းမွန်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
ဒါ့အပြင် မြန်မာ့နိုင်ငံရေးဟာ မြန်မာနိုင်ငံအပေါ်မှာပဲ မူတည်တယ်လို့ သူက ပြောပါတယ်။
“ကျမတို့နိုင်ငံရဲ့ အဖြစ်အပျက်က ကိုယ့်နိုင်ငံအပေါ်မှာပဲ မူတည်တယ်။ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲက တကယ်လို့ အမေရိကန်တို့ ဘာတို့ ဒီလောက် ရှုပ်ယှက်ခက်နေရင် ကျမတို့အတွက်တောင် အချက်ကောင်းသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံရဲ့ ပဋိပက္ခတွေမှာ ဘယ်သူမှ ဝင်မပါနိုင်ဘူးပေါ့။ ကိုယ့်ဘာသာ ကိုယ်ပဲ ဖြေရှင်းဖို့ ဖြစ်တော့တာပေါ့။ ကောင်းပါတယ်၊ ဒီအတွက်လည်း။ ကိုယ့်ဘာသာကိုယ်ပဲ ဆက်လုပ်စရာရှိတာ ဆက်လုပ်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံကြီးတွေ အချင်းချင်းကြားက ပဋိပက္ခကလည်း ကျမကြည့်တာတော့ တတိယကမ္ဘာစစ်အထိ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ သူတို့ localize ပဲ။ သူတို့ ဒေသလေးမှာပဲ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းဖြစ်အောင် ဝိုင်းကြိုးစားနေကြတယ် ထင်တယ်။ ဗမာပြည်အတွက်ကတော့ ဘယ်နိုင်ငံကြီးတွေမှ ကိုယ့်ကိုဝင်ပြီး မရှုပ်နိုင်တော့ဘူးပေါ့။ သူတို့ ကိုယ့်ကိစ္စတွေနဲ့ကိုယ် အလုပ်ရှုပ်နေတာ။ အဲဒါ ကျမတို့အတွက်တောင် နည်းနည်း ပိုကောင်းနေသလိုပဲ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိမှာတော့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ ထိုင်း နဲ့ ကမ္ဘောဒီးယားကြား ပြဿနာကြောင့် ထိုင်းနိုင်ငံအတွင်းမှာလည်း မငြိမ်မသက် ဖြစ်ပွားနေပြီး ဖိလစ်ပိုင်နိုင်ငံမှာလည်း အတိုက်အခံ အင်အားစုတွေကြား တင်းမာမှုတွေ ဖြစ်ပေါ်နေတာပါ။
ဒါ့အပြင် အိန္ဒိယ နဲ့ ပါကစ္စတန်ကြား တင်းမာမှုတွေအပြင် အီရန် နဲ့ အစ္စရေးတို့ကြား ပဋိပက္ခတွေမှာ အမေရိကန်ပါဝင် ပတ်သက်လာမှုတွေကြောင့် နိုင်ငံကြီးတွေကြား ရှုပ်ထွေးလျက် ရှိပါတယ်။
လက်ရှိမှာတော့ အီရန် နဲ့ အစ္စရေးတို့ အပစ်ရပ်မှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားထားပြီး အီရန်ဘက်ကလည်း ထရမ့်ရဲ့ မေတ္တာ ရပ်ခံမှုကြောင့် အပစ်ရပ်တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ သူ့ရဲ့ လက်နက်တွေကို အဲဒီ နိုင်ငံကြီးတွေကနေ ဝယ်ယူနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ နိုင်ငံကြီးတွေရဲ့ မငြိမ်မသက်မှုတွေကြောင့် လတ်တလောတွင် လက်နက်ဝယ်ယူရ ခက်ခဲသွားနိုင်ကာ တော်လှန်ရေးအတွက် ပိုကောင်းတဲ့အချက် ဖြစ်လာနိုင်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဒါကြောင့် ကျမပြောတာလေ။ ဒီကိစ္စတွေက ကျမတို့ တော်လှန်ရေးအတွက်တောင် ပိုပြီးတော့ ကောင်းတဲ့ အချက်တွေတောင် ဖြစ်လာနိုင်တယ်လို့ ပြောတာပေါ့။ တခြားမကြည့်နဲ့ ဟိုတလောက သူ လေယာဉ်ပျံတွေ ဘာတွေ သုံးတာတောင် တော်တော်လျော့သွားပြီ။ ဒါ့အပြင် အင်မတန်ဟောင်းတဲ့ လေယာဉ်ပျံတွေတောင် ထုတ်သုံးရတာ။ အဲဒါက ဘာပြလဲဆိုတော့ သူ့မှာ ထပ်ဖြည့်နိုင်တဲ့အား မရှိတော့ဘူးဆိုတာ ပြတယ်။ စစ်တပ်က တကယ်တော့ လူတွေ ထင်နေလို့။ ဘယ်လောက် ဘယ်သူက ဝင်ကယ်ကယ် သိပ်ကယ်လို့ ရနိုင်မယ့်လမ်း မရှိဘူး။ ကျမတို့ဘက်ကသာ ဟန်ချက်ညီညီနဲ့ သေချာစနစ်တကျ သွားဖို့ အရေးကြီးတာ။ ကိုယ့်အချင်းချင်းကြား ကွဲတာ ပြဲတာတို့ မခေါ်တာတို့ မဖြစ်အောင်လေ။ အဲဒီလို လုပ်ပြီးတော့မှ သွားလို့ရှိရင် ဒီစစ်တပ်ကတော့ သိပ်နလန်ထူစရာ လမ်းမရှိဘူး။ ကျမကြည့်ရသလောက်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ သက်တမ်း ၆ လတိုးပြီး အုပ်ချုပ်နေတဲ့ စစ်ကောင်စီဟာ လာမယ့် ဇူလိုင်လကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
သူဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ ကတိကဝတ်ပြု ပြောကြားထားတာကြောင့် ကာ/လုံကို အာဏာပြန်အပ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ကာ/လုံကို အာဏာပြန်မအပ်ဘဲ သက်တမ်း ၆ လ ထပ်တိုးမယ်ဆိုပါက ရွေးကောက်ပွဲဟာ မဖြစ်ပေါ်လာနိုင်ကြောင်း စစ်ရေး နဲ့ နိုင်ငံရေးအကဲခတ်များကြား သုံးသပ်နေကြပါတယ်။