အာရက္ခတိုင်းမ်စ် (၁၆ ဇူလိုင် ၂၀၂၅)
အမ်း-ပဒါန်း စစ်မြေပြင်တွင် ရှေ့တန်းကနေပြီး တပ်ဆုတ်ခွာလာသူတွေကို စစ်ကောင်စီအရာရှိတွေက ပစ်သတ်တယ်လို့ အာရက္ခတပ်တော်ထံ အလင်းဝင်ရောက်ခဲ့တဲ့ တပ်မ ၉၉ လက်အောက်ခံ ပစ/၁၃၄၉၈၁ တပ်သား နေလင်းအောင်ကပြောပါတယ်။
“ ကျွန်တော်တို့ ရှေ့ဆုံးမှာ ဆင်းရတာ များတယ်။ ဖိအားများလို့ ဆုတ်လာရင် အရာရှိတွေက မင်းတို့ ဘာလို့ ဆုတ်လာတာလည်းဆိုပြီး ပစ်တာများပါတယ်။ကျွန်တော့်ရှေ့မှာ သူငယ်ချင်းတယောက်က အရာရှိပစ်လို့ နောက်စေ့ ပွင့်သွားတယ်။ ကျွန်တော့မျက်မြင် ကိုယ်တွေ့ပေါ့ အဲ့ဒီလို မြင်ခဲ့ရတော့ ကျွန်တော်တို့လည်း ကြောက်တာပေါ့။ ထွက်ပြေးတဲ့သူ တော်တော်များများ ရှိပါတယ်” လို့လည်း ဆိုပါတယ်။
တပ်သားကိုနေလင်းအောင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်က အလုပ်ကနေ ပြန်လာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် တပ်မ (၉၉) လက်အောက်ခံ ခလရ (၇၉) ကို ပို့ဆောင်ခံရသူလည်း ဖြစ်ပါတယ်။