စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီကို စုပေါင်းတိုက်ခိုက်ဖို့ TNLA ပြော

အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၅)

စစ်ရေးအရ ရှုံးနိမ့်နေပြီး စစ်တပ်ကျရှုံးလုနီးပါးဖြစ်နေတဲ့ စစ်ကောင်စီကို တော်လှန်ရေးလုပ်ငန်းစီမံချက်နဲ့ စုပေါင်းပြီး ဟန်ချက်ညီညီ ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ကြဖို့ တအာင်းတပ်မတော် (TNLA) က ပြောပါတယ်။

စစ်တပ်ကျရှုံးလုနီးပါးဖြစ်နေတဲ့ အခြေအနေကောင်းကို အသုံးချကာ အရင်ကထက် မဟာဗျူဟာမြောက်တဲ့ တော်လှန်ရေးလုပ်ငန်းစီမံချက်နဲ့ စုပေါင်းပြီး ဟန်ချက်ညီညီ ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေကို TNLA က တောင်းဆိုထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီ တိုင်းပြည်တစ်ဝှမ်းလုံးရှိ ပြည်သူလူထုတွေရဲ့ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်တိုင်းဌာနချုပ်တွေ၊ တပ်ရင်းတပ်ဖွဲ့တွေ စစ်ပွဲမှာ ကျရှုံးပြီး ယိုယွင်းပျက်စီးချိနဲ့နေတဲ့ အဖြစ်ကို ရောက်ရှိနေတယ်လို့ တအာင်းတပ်မတော် (TNLA) က ပြောပါတယ်။

စစ်ကောင်စီဟာ အခုဇူလိုင်လအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်ငေါ့၊ မိုးကုတ် စတဲ့ မြို့တွေရှိ နေအိမ်၊ ဈေး၊ စာသင်ကျောင်း၊ ဟိုတယ်၊ တည်းခိုခန်းတွေကို ဦးတည်ပြီး တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အင်အားပြင်းဗုံးတွေကို နေ့စဉ်ရက်ဆက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီကို စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ လုပ်ရပ်တွေကို PSLF/TNLA မှ အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဒီနေ့ ဇူလိုင် ၃၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်း လူနေအိမ်၊ စာသင်ကျောင်း၊ ဈေး၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဟိုတယ်၊ တည်းခိုခန်း၊ အလုပ်ရုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာ အစိုးရတို့ကို မေတ္တာရပ်ခံတယ်လို့ TNLA က ဆိုပါတယ်။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)