‎စစ်တွေမှာ တည်းခိုခန်းပိုင်ရှင်တချို့ လိင်ပွဲစား လုပ်ဆောင်နေ

A prostitute waits for customers along a road of the Bois de Boulogne in Paris August 28, 2013. REUTERS/Christian Hartmann

‎အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၅)

‎စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ တည်းခိုခန်းပိုင်ရှင်တချို့ဟာ လိင်ပွဲစားတွေ လုပ်နေကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

‎လက်ရှိမှာ အချိန်ပိုင်းတည်းခိုခန်းတွေ ပေါများလာပြီး တည်းခိုခန်းပိုင်ရှင်တွေက ပြည့်တန်ဆာလို့ခေါ်တဲ့ လိင်လုပ်သားအမျိုးသမီးတွေနဲ့ ချိတ်ဆက်ထားပြီး လူခေါ်ပေးတဲ့အလုပ်ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

‎‎အဲဒီလို လုပ်ဆောင်တဲ့အတွက် တည်းခိုခန်းပိုင်ရှင်ဟာ လိင်လုပ်သားတွေဆီကနေ အခန်းခအပြင် လူခေါ်ပေးတဲ့ အဖိုးခလည်း ရတယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

‎‎” စစ်တွေမှာ တစ်ခါမှ မကြားဖူးတဲ့ အချိန်ပိုင်းတည်းခိုခန်း၊ လူခေါ်ပေးတဲ့ အချိန်ပိုင်းတည်းခိုခန်းတွေ များလာတယ်။ အဲဒီတည်းခိုခန်းပိုင်ရှင်က အမျိုးသမီးတွေနဲ့ ချိတ်ဆက်ပြီးတော့ ခေါ်ပေးတယ်။ ဥပမာ ကျမက အဲဒီလိုမျိုး လုပ်ဖို့အတွက်ကို ပိုင်ရှင်နဲ့ ချိတ်ထားတယ်။ ပိုင်ရှင်က လိုချင်တဲ့ အမျိုးသားကို ရလို့ရှိရင် ကျမနဲ့ ချိတ်ပေးတယ်။ အဲဒီလူက ကျမထက် ကြီးရင်ကြီးမယ်၊ ငယ်ရင်လည်းငယ်မယ် အဲဒီလိုမျိုးပေါ့။ အဲဒီလိုမျိုးကို ကြားခဲ့ရတယ်။ တည်းခိုခန်းပိုင်ရှင်က တည်းခိုခန်းခလည်း ရမှာပဲ။ ခေါ်ပေးခလည်း သူရမှာပဲ။ ဒီဘက်က အမျိုးသမီးဆီကလည်း သူရမှာပဲ” လို့ ပြောပါတယ်။

‎‎စစ်တွေမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့်လည်း စစ်ကောင်စီက မြို့အဝင်အထွက်တွေကို ဝင်ထွက်ခွင့် ပိတ်ထားတာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင် ရှားပါးတဲ့အပြင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုဒဏ်ကို အလူးအလဲ ခံနေကြရတာ ဖြစ်ပါတယ်။

‎‎ဒါ့ကြောင့် တချို့သော အမျိုးသမီးတွေဟာ လိင်လုပ်သားအဖြစ် ကူးပြောင်းတာတွေရှိနေပါတယ်။

‎ဒါတွေဟာ လူကုန်ကူးမှုမြောက်ပေမယ့်လည်း စားဝတ်နေရေးအတွက် လုပ်ဆောင်နေကြရပြီး လူတွေ မသိမမြင်လိုက်ရတာတွေလည်း များစွာ ရှိနေနိုင်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

‎​‎” ဒါလည်း လူကုန်ကူးတာ တမျိုးပဲလေ။ ဒါပေမယ့် ဒါရောင်းစားတာကျတော့ ဒီအမျိုးသမီးက ကြည်ဖြူတာလေ။ သူက တစ်ရက်တာ ဖူလုံဖို့လား၊ တစ်ပတ်တာ ဖူလုံဖို့လား၊ နှစ်ရက်တာ ဖူလုံဖို့လား မသိတော့ အဲဒီလိုမျိုး သူလုပ်ရတာလေ။ အဲဒီလိုမျိုးကို ကြားလာခဲ့တာ။ ကိုယ်မကြားဘဲနဲ့ ကိုယ်မမြင်ဘဲနဲ့ အများကြီး လမ်းဘေးတွေမှာ ဘယ်လောက်တောင် ရှိနေမလဲဆိုတာ မသိဘူး” လို့ ပြောပါတယ်။

‎‎စစ်တွေမှာ လိင်လုပ်သားတွေဟာ လမ်းမကြီးတွေရဲ့ ဘေးတွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ KTV တွေနဲ့ လက်ရှိမှာ အချိန်ပိုင်းတည်းခိုခန်းတွေမှာပါ တွေ့လာနေရပြီး အရင်ကထက် ပိုပြီးတော့ လုပ်ဆောင်လာနေကြတာ ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ