အာရက္ခတိုင်းမ်စ် (၉ သြဂုတ် ၂၀၂၅)
ရက္ခိုင်ပြည်ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီးဖြစ်သူ မမိုးဆန်းစုကြည်ကို စစ်ကောင်စီက သြဂုတ်လ ၇ရက်က ပြန်လွှတ်ပေးပြီးနောက် ပြန်လည်ဖမ်းကာ ထောင်ထပ်မံချလိုက်တယ်လို့ သိရပါတယ်။
“ လွတ်ရက်စေ့လို့ ပြန်လွတ်မှာမလို့ ထောင့်ရှေ့ကစောင့်တာ ပေါ်မလာ၊ မတွေ့တော့ ရဲ့စခန်းသွားမေးတော့လည်း မရှိဘူး။ ဆက်စုံစမ်းတော့ အုပ်ချုပ်ရေးမှူးရုံးက မေးစရာရှိလို့ ခေါ်ထားတယ်သိရပြီး နောက်တော့ ထောင်ထဲ ပြန်ထည့်ထားတယ်” လို့ မမိုးဆန်းစုကြည်နဲ့ ဆွေမျိုးနီးစပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မမိုးဆန်းစုကြည်ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-က၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့နဲ့ တရားစွဲဆိုပြီး ထောင် (၆) နှစ် ချမှတ်ထားပြီး သာယာ၀တီထောင်ကနေ ထောင်သက်တမ်းစေ့ပြီး ပြန်လွတ်လာခဲ့တာလည်း ဖြစ်ပါတယ်။
“ အခုကြားတာကတော့ ၅၂ (က) နဲ့ ထပ်စွဲထားတယ်ပေါ့။ ၅၂ (က) ဆိုတာ အကြမ်းဖက်အားပေးပေါ့။ ၃ နှစ်ကနေ ၇ နှစ်အထိ ထောင်ချလို့ရတယ်။ အတွင်းစကားအရဆိုရင်တော့ ၄ နှစ် ထပ်ချလိုက်တယ်ကြားတယ်” လို့ မမိုးဆန်းစုကြည်နဲ့ ရင်းနှီးသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မမိုးဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်မှာ ရန်ကုန်မြို့၊ လှည်းတန်းမြို့နယ်ရှိ တိုက်ခန်းတခုကနေ စစ်ကောင်စီက ဖမ်းဆီးသွားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-(က)၊ မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့နဲ့ တရားဆွဲဆိုကာ ထောင်ခြောက်နှစ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။