‎စစ်တွေက ကုန်စည်တွေ မြို့ပေါ်မရောက်ဘဲ မွတ်ဆလင်ရွာတွေမှာ ပျောက်ဆုံး

‎အာရက္ခတိုင်းမ်စ် (၁၁ ဩဂုတ် ၂၀၂၅)

‎ရန်ကုန်ကနေ သင်္ဘောနဲ့ ကုန်စည်တွေ စစ်တွေမြို့ကို ရောက်လာပေမယ့် ကုန်စည်တွေက မြို့ပေါ်ကိုမရောက်ဘဲ မွတ်ဆလင်ရွာတွေမှာ ပျော​က်ဆုံးနေတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

‎စစ်တွေကို ကုန်စည်တင်ဆောင်တဲ့ သင်္ဘောတွေ ရောက်လာတိုင်း ကုန်စည်တွေဟာ မြို့ပေါ်ကို အနည်းငယ်ပဲ ရောက်ပြီး ကုန်စည်တော်တော်များများကို မွတ်ဆလင်တွေက သယ်ဆောင်သွားကြတာ ဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

‎စစ်တွေဒေသခံတွေဟာ သင်္ဘောရောက်ရှိချိန် ရက်ပိုင်းအနည်းငယ်အတွင်းပဲ ကုန်စည်တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူခွင့်ရကြပြီး အဲဒီနောက်ပိုင်းတွေမှာတော့ ကုန်ဈေးနှုန်းကြီးမြင့်ပြီး ကုန်စည်ရှားပါးတာတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

‎အဲဒီလို ဖြစ်နေရတာဟာ ကုန်စည်တွေကို မွတ်ဆလင်တွေက သူတို့ရွာတွေကို သယ်ဆောင်ပြီး သိုလှောင်ထားကြတာ ဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

‎” စစ်တွေမြို့ရဲ့ အခြေအနေက သင်္ဘောတစ်စီး ဝင်လာပြီဆိုလို့ရှိရင် ကုန်ပစ္စည်းတွေ ပါလာတယ်။ ပါလာပြီဆိုလို့ရှိရင် ခဏလေးပဲ အဲဒီကုန်ပစ္စည်းကို စစ်တွေမှာ လက်ရှိ နေနေတဲ့သူတွေက ခဏလေးပဲ မြင်လိုက်ရတယ်။ ဈေးသက်သက်သာသာနဲ့ ခဏလေးပဲ ဝယ်လိုက်ရတယ်။ ကုလားရွာတွေမှာပဲ ပစ္စည်းတွေက အကုန်ပုံသွားတယ်။ အခု ဒါးပိုင်ရွာမှာ ဖမ်းဆီးကြတယ် ဘာညာဆိုတာက ဘာကြောင့် အဲဒီလိုမျိုး ဖမ်းဆီးလိုက်တယ်ဆိုတာ အစိုးရအနေနဲ့ မြို့ပေါ်မှာပဲ မရောင်းချဘဲနဲ့ သယ်ယူပြီးတော့ လှောင်ထားတာကြောင့်လား ဘာလား အဲဒါတော့ မသိဘူးပေါ့နော်။ သင်္ဘောဝင်လာလိုက်တယ် ဒီနေ့ ဆန်ပါလာတယ်လို့ ပြောထားတယ်။ ဒါပေမယ့် ဈေးကျသွားတယ်ဆိုတာ မရှိဘူး။ မြို့ပေါ်မှာ ဆန်ကုန်နေတာ၊ မရှိဘူး။ အဲဒီလိုမျိုး ကုလားရွာကို ရောက်ရောက်သွားတယ်။ ဒါးပိုင်ရွာသစ်ကို ရောက်သွားသလား။ အဲဒီလိုမျိုး ကုလားရွာတွေ ဘယ်ရွာကို ရောက်လို့ ရောက်မှန်းမသိ အဲဒီလိုမျိုး” လို့ ပြောပါတယ်။

‎​ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ စစ်တွေက မွတ်ဆလင်ရွာတစ်ရွာဖြစ်တဲ့ ဒါးပိုင်ရွာသစ်ကျေးရွာမှာ တရားဝင် သယ်ဆောင်ခွင့် အထောက်အထား တင်ပြနိုင်ခြင်း မရှိတဲ့ စားသောက်ကုန်ပစ္စည်း ၁၈ မျိုး၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၉ သိန်းဝန်းကျင်ကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ သတင်းစာက ထုတ်ပြန်ခဲ့ပါတယ်။

‎ယခင်က မွတ်ဆလင်တွေဟာ စစ်တွေမြို့ကို ဝင်ထွက်သွားလာခွင့် မရှိပေမယ့်လည်း လက်ရှိ တကျော့ပြန်တိုက်ပွဲကာလအတွင်း လွတ်လပ်စွာ သွားလာခွင့် ရနေတယ်လို့ သိရပါတယ်။

‎စစ်တွေဒေသခံတစ်ယောက်က “ ဆိပ်ကမ်းနဲ့ မနီးဘူး။ စစ်တွေမြို့ကနေ ထွက်ပြီးတော့မှ အဲဒီရွာက စစ်တွေမြို့ရဲ့ တစ်ဖက်ပေါ့နော်။ စစ်တွေမြို့ကနေ ထွက်ပြီးတော့မှ ခွဲထားတာပေါ့။ အရင်တုန်းကဆိုရင် ဝင်ခွင့်မရှိဘူး။ ဒီဘက်ကလည်း သူတို့ဘက်ကို သွားခွင့်မရှိဘူး။ ဂိတ်တွေနဲ့ ပိတ်ထားတယ်လေ။ အခု တိုက်ပွဲကာလတွေမှာ သူတို့ ဝင်ချင်တိုင်းဝင်လာပြီး သူတို့ သွားချင်တိုင်းသွားပြီးတော့ လုပ်ချင်သလို လုပ်လို့ရနေတာလေ” လို့ ပြောပါတယ်။

‎စစ်တွေကို ရန်ကုန်ကနေ စားသောက်ကုန်တွေကို စစ်ကောင်စီက ကုန်တင်သင်္ဘောတွေနဲ့ တင်သွင်းခွင့်ပြုထားပေမယ့် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့သူတွေ၊ စစ်ကောင်စီအသိုင်းအဝိုင်းကလူတွေနဲ့ မွတ်ဆလင် စီးပွားရေးသမားတွေကပဲ ချုပ်ကိုင်ချယ်လှယ်ပြီး လုပ်ကိုင်စားသောက်နေကြတာ ဖြစ်တယ်လို့ စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ