အာရက္ခတိုင်းမ်စ် (၁၉ ဩဂုတ် ၂၀၂၅)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းတပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေဟာ မြဝတီအထိ ရောက်ဖို့ အလားအလာ မရှိဘူးလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး နှစ်ဖက်စစ်ကစားနေကြတာဖြစ်ပြီး ကားအစီးရေ ၄၀၀ ကျော် ၅၀၀ ဝန်းကျင်ခန့်ကို ဖြတ်သန်းသွားလာခွင့် မပေးထားတဲ့အတွက် မဲဆောက်ဘက်မှာ သောင်တင်နေကြကြောင်း သူက ပြောပါတယ်။
“အောင်ဇေယျစစ်ကြောင်းနဲ့ ဒီဘက်က ပူးပေါင်းတပ်နဲ့က စစ်ကစားနေကြတာပေါ့။ သူလည်းမရောက်၊ ကိုယ်လည်းမရောက် ဖြစ်နေတာပေါ့။ ဒီဘက်အခြမ်း နယ်စပ်ဘက်တော့ အေးပါတယ်။ ဘာမှ အသံမကြားဘူး။ အဲဒီလမ်းပိုင်းမှာပဲ။ အားလုံးကြားသလောက်ပါပဲ ကျနော်လည်း အသေးစိတ်မသိပါဘူး။ မကျယ်ပါဘူး (စစ်ရေး)။ ကျယ်ရင် မြဝတီရောက်လာမှာပေါ့။ မြဝတီရောက်ဖို့ အလားအလာမရှိဘူး။ လမ်းကိုပြန်ပြီးတော့ ထိန်းချုပ်နိုင် အောင်လုပ်နေကြတာဆိုတော့ အခုလမ်းပေါ်မှာ ကားကြီး၊ ကားငယ်တွေကို အခွန်ကောက်နေတဲ့အဖွဲ့တွေနဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တိုက်တဲ့သဘောဖြစ်တော့ အခွန်ကောက်နေတဲ့လူတွေ ကောက်လို့မရအောင် ကားတွေ ပေးမကူးတော့ဘူးလေ။ မဲဆောက်မှာ ကား ၄၊ ၅၀၀ သောင်တင်နေတယ်ဆိုတော့။ ကားတွေမရှိရင် အခွန်မကောက်နိုင်ဘူး။ အခွန်မကောက်ရင် ဝင်ငွေမရှိဘူး။ ဝင်ငွေမရှိရင် စစ်မတိုက်နိုင်ဘူးပေ့ါ။ အဲဒီသဘောနဲ့ လုပ်တယ်နဲ့ တူပါတယ်” လို့ သူက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ DKBA ခွဲထွက် ပူးပေါင်း အဖွဲ့ဟာ မြဝတီမြို့ နဲ့ ၄၁ မိုင်လောက်အကွာက ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက် KNLA/PDF ပူးပေါင်းအဖွဲ့တွေ ဆီကနေ ဇူလိုင် ၂၄ ရက်မှာ ပြန်လည် သိမ်းယူထားတာပါ။
ဒါ့အပြင် မြဝတီကြားက လမ်းပိုင်းကိုတော့ KNLA/PDF ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ကော့ကရိတ်မြို့နယ်ထဲက တတန်ကူးရွာ ကနေ အာရှလမ်းပေါ်ကို သြဂုတ် ၂ ရက်က စပြီး စစ်ကြောင်းပြင်လာတာလို့ သတင်းတွေ ဖော်ပြထားကြတာပါ။
ကော့ကရိတ်မြို့နယ်မှာ စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာသလို နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရှိရပါတယ်။
ဒ့ါအပြင် ပြည်မကနေ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို သွားတဲ့ လောင်စာဆီလမ်းကြောင်းကို ဖြတ်တောက်ထားတာ ရက်သတ္တပတ်ရှိနေပြီဖြစ်ပြီး ဒီလိုဖြတ်တောက်မှုကြောင့် မြဝတီမြို့ပေါ်မှာ လောင်စာဆီပြတ်လပ်ကာ စျေးမြင့်တက်နေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
တချိန်တည်းမှာပဲ စစ်ကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ မြန်မာ-ထိုင်း အမှတ် ၂ တံတား (မြန်မာဘက်ခြမ်း) ကို ယာယီပိတ်ထားလိုက်ပြီလို့လည်း သိရပါတယ်။