အာရက္ခတိုင်းမ်စ် (၂၀ ဩဂုတ် ၂၀၂၅)
တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်ရှိ တိုက်ပွဲများဖော်ဆောင်ရာတွင် စစ်ရေးနည်းနာတွေကို ပြောင်းသင့်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ တတ်နိုင်သမျှ ပျောက်ကျားစစ် ပြုလုပ်တာ၊ လူထုကို စည်းရုံးတာတို့ ဆက်လုပ်သင့်ကြောင်း သူက ပြောပါတယ်။
“ကျမတို့ကလည်း ကျမတို့ တော်လှန်ရေးကလည်း နည်းနာတွေ ပြောင်းရတော့မှာပေါ့။ တတ်နိုင်သလောက် ပျောက်ကျားစစ်လုပ်တာတို့၊ ပြည်သူလူထုစည်းရုံးပြီး တစ်ဖဲ့ဖဲ့ ဖဲ့ယူတာတို့ ဘာတို့ ဒါမျိုးလောက် ဆက်ယူလို့ရမယ် ထင်တယ်။ အခုက အစောပိုင်းတုန်းကတော့ သူတို့တပ်က အလစ်အငိုက်ရသလိုဖြစ်တော့ တော်လှန်ရေးတွေ ဝုန်းခနဲတက်သလို ဖြစ်တာပေါ့။ ဒါပေမယ့် သူတို့ဘက်ကလည်း သူတို့တပ် ပြန်စုစည်းတာ၊ လူတွေစု ဘာတွေစုနဲ့ လက်နက်တွေ ဘာတွေက သူတို့က အစကတည်းက အသာစီးရှိထားတာကို။ ကျမတို့က တူရွင်းလေးနဲ့ စကြရတာဖြစ်တော့ ရေရှည်တော့ လုပ်ကြရဦးမှာပေါ့။ ဒါပေမယ့် ပြည်သူလူထုကလည်း ဒီတစ်ခေါက်တော့ တော်တော် ပြတ်သားနေပုံရပါတယ်” လို့ သူက ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ NUG အနေနဲ့ စစ်အာဏာရှင် ပြုတ်ကျဖို့၊ တော်လှန်ရေး အားကောင်းလာဖို့ ရည်ရွယ်ပြီး ဖက်ဒရယ် အစိုးရတစ်ရပ်အဖြစ် အသွင်ပြောင်းမှုကို အခုနှစ် မကုန်ခင် အကောင်အထည် ဖော်မယ်လို့ သိရပါတယ်။
အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ “ နွေဦးတော်လှန်ရေး” အရွေ့တွေဟာ ၂၀၂၁ ခုနှစ်မှာ တရားဝင်မှုရရေး၊ ၂၀၂၂ ခုနှစ်မှာ လက်နက်ကိုင်တော်လှန်ရေး တပ်တွေရဲ့ ခံစစ်၊ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ထိုးစစ်အသွင်ပြောင်းလာတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ်လှိုင်းတွေဆိုတဲ့ ပြောင်းလဲမှုကို တွေ့နိုင်ပါတယ်။
တော်လှန်ရေးအတွက် စည်းရုံးတဲ့အခါမှာ ဘယ်လောက်ပဲ စည်းရုံးပါစေ ပြည်သူလူထု သဘောပေါက်မှ ရမှာဖြစ်ပြီး တော်လှန်ရေးကို တဖြေးဖြေး တွန်းတင်လို့ ရနိုင်မယ်ထင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ကျမတို့ ဘယ်လောက်စည်းရုံး စည်းရုံး ပြည်သူလူထု သဘောပေါက်မှ ဖြစ်တာ။ ပြည်သူလူထု သဘောပေါက်ဖို့ ကျမတို့လည်း စည်းရုံးတာ၊ ကျမတို့ ဗကပ က အနှစ် ၇၀ ရှိနေပြီ။ လက်နက်ကိုင်တော်လှန်ရေးကိုတောင် အနှစ် ၆၀ လောက်ရှိနေပြီ။ ဒါပေမယ့် အခုပြည်သူလူထုတွေ ကျသွားအောင် ဒါကျမတို့ အားနည်းချက်ပေါ့ မလုပ်နိုင်တာ။ ဒါပေမယ့် ပြည်သူလူထုကို ကျမတို့ဘက်ကို တွန်းပို့နေတာ တော်လှန်ရေးဘက်ကို တွန်းပေးနေတာ ဒီစကစတွေပဲ။ မင်းအောင်လှိုင်တို့ အဖွဲ့ပဲ။ ပြည်သူလူထုကို အစောကြီးကတည်းက ကျမတို့က ပြောတယ်။ ဒီစစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တိုက်ပွဲနဲ့ပဲ ရမှာလို့ ပြောပေမယ့် ပြည်သူလူထုက လက်မခံဘူးလေ။ စစ်တပ်ဘက်မှာလည်း လှည့်စားစရာတွေ အများကြီးရှိတယ်။ အဲဒီလိုနည်းနဲ့ လှည့်စားလာခဲ့တာ။ အခုသူတို့မှာလည်း လှည့်စားစရာ ကုန်နေပြီ။ ပြည်သူလူထုကိုလည်း သူတို့ ရက်စက်တာကုန်နေပြီ။ အဲဒီတော့ ပြည်သူလူထုကိုယ်တိုင် သဘောပေါက်လာပြီဖြစ်တော့ ဒါသိပ်ပူစရာ မရှိဘူး ထင်တယ်။ တဖြေးဖြေး ကျမတို့ တော်လှန်ရေးကို တွန်းတင်လို့ ရနိုင်မယ်ထင်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက်စစ်တပ်ဟာ နေရာအများစုတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စတင်လာနေသလို မိုးရာသီဟာလည်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် စစ်ရေးတွေ ပိုမိုကျယ်ပြန့်လာနိုင်ကြောင်းလည်း သုံးသပ်နေကြပါတယ်။
ဒ့ါအပြင် စစ်ကော်မရှင်က ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကိုလည်း ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာတာပါ။
ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်း တော်လှန်ရေးအင်အားစုတွေဘက်က လက်မခံကြသလို မပျက်ပျက် အောင် ဖျက်မယ်လို့လည်း ကြုံးဝါးနေကြတာ ဖြစ်ပါတယ်။