စစ်တွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ Mytel ကဒ်တွေ ဖုန်းလိုင်းပြန်ရ

အာရက္ခတိုင်းမ်စ် (၂၀ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ အကြမ်းဖက်စစ်တပ်ပိုင် ကုမ္ပဏီဖြစ်တဲ့ Mytel ဆင်းမ်ကဒ်တွေ ဖုန်းလိုင်း ပြန်ရနေပြီဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အရင်က Mytel ဆင်းမ်ကဒ် ဖုန်းလိုင်းတွေဟာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေခဲ့ရာမှ လက်ရှိမှာတော့ အင်တာနက် အသုံးပြုလို့မရသေးပေမယ့် ဖုန်းပြောဆိုဖို့အတွက် ဖုန်းလိုင်းပြန်ရနေပြီဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“Mytel ကဒ်တွေ အလုပ်လုပ်နေပြီလို့။ လက်ရှိ ရှိတဲ့ကဒ်ကို ခေါ်ကြည့်တော့ Mytel call center က ပြောတဲ့စကားက သင့်ဖုန်းကို ယာယီပိတ်ထားပါတယ် ပြောတယ်။ ဆိုတော့ အလုပ်လုပ်နေပြီမို့လို့ အဲဒီအသံထွက်တာလေ။ Mytel ကဒ် ကို အဲဒီဟာပြန်ဖွင့်ဖို့ Mytel ရုံးမှာ သွားပြီး ဖွင့်လို့ရတယ်တဲ့။ မနေ့ကတည်းက စပြီးဖွင့်ပေးနေပြီတဲ့။ အင်တာနက်တော့ မရဘူး။ ဖုန်းလိုင်းပဲရတာ” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်မှာ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို အကြမ်းဖက်စစ်တပ်က ဖြတ်တောက်ထားခဲ့ပြီး MPT နဲ့ Mytel ဆင်းမ်ကဒ်တွေပဲ ဖုန်းလိုင်းရရှိခဲ့တာပါ။

အဲဒီနောက် အာရက္ခတပ်တော်ရဲ့ မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာချိန်နှင့်အတူ မိုခါမုန်တိုင်းတို့ကြောင့် ဆက်သွယ်ရေးတိုင်တွေ ပြိုလဲပျက်စီးခဲ့ရတဲ့အတွက် ဖုန်းလိုင်းတွေဟာ ပြတ်တောက်သွားခဲ့ပြီး MPT တစ်ခုတည်းသာ ဖုန်းလိုင်းပြန်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း MPT ဖုန်းလိုင်းတွေ သေချာကောင်းမွန်စွာ မရရှိခဲ့ပေမယ့် အခုလက်ရှိမှာတော့ အဆင်ပြေချောမွေ့စွာဖြင့် ဖုန်းပြောဆိုလို့ ရနေပြီဖြစ်ကြောင်း ဒေသခံတွေထံက သိရပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ