အာရက္ခတိုင်းမ်စ် (၂၆ သြဓုတ် ၂၀၂၅)
ရက္ခိုင်ပြည် မြောက်ဦးမြို့ကို စစ်ကော်မရှင်က သြဂုတ်လ ၂၅ ရက် ည ၁၁ နာရီခွဲခန့်က ပေါင် ၅၀၀ ဗုံး ကြဲချခဲ့လို့ ဒေသခံပြည်သူ ၁၃ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
“လောလောဆယ် နာမည်နဲ့တကွ သိရတာကတော့ ၁၁ ယောက်ပါ။ အသက် ၆ နှစ်ကနေ ၆၃ နှစ် အထိ ပါပါတယ်။ သေဆုံးတာမှာလေ” လို့ မြောက်ဦးမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်က ရက္ခိုင်ပြည် မြောက်ဦးမြို့ အောင်တပ်အုပ်စု ဒိုင်းကျီရပ်ကွက်က စိုက်ပျိုးရေးဂိုထောင်အနီးကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခဲ့တာပဲ ဖြစ်ပါတယ်။
“မိသားစု တစုဆိုရင် အားလုံး ၆ ယောက်ရှိတယ်။ ၆ ယောက်လုံး ဆုံးသွားတယ်” လို့လည်း သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။
အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သေဆုံးသူအရေအတွက် ၁၁ ယောက်ကို အတည်ပြုထားပေမယ့် လက်ရှိမှာတော့ သေဆုံးသူ ၂ ဦး ထပ်မံ တိုးလာတာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ပေါင် ၅၀၀ နဲ့ ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၈ လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။