အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့မှာ အမျိုးသမီးအများအပြားဟာ စားဝတ်နေရေးအတွက် တရုတ်ပြည်သွားပြီး တရုတ်မယားအဖြစ် သွားရောက်လုပ်ကိုင်တာတွေ များလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်မယားအဖြစ် သွားရောက်လုပ်ကိုင်တာဟာ အခုနှစ် အစောပိုင်းကာလကစပြီး တွင်ကျယ်လာတာလည်း ဖြစ်ပါတယ်။
အမျိုးသမီးတစ်ယောက်ကို သိန်း ၅၀ ဈေးရပြီး အဓိကအားဖြင့် အသက် ၂၀ ကျော်ကနေ ၃၀ ဝန်းကျင်အထိ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တွေဒေသခံတစ်ယောက်က “ အခုလက်ရှိ စစ်တွေမှာ အမျိုးသမီးတွေ အလုပ်အကိုင် ရှားပါးတော့ တရုတ်ပြည်သွားပြီး အလုပ်လုပ်တာ၊ တရုတ်ပြည်သွားပြီး အလုပ်လုပ်တာတော့ မဟုတ်ဘူးပေါ့နော်။ တရုတ်မှာ အမျိုးသမီးတွေကို တရုတ်အမျိုးသားတွေက မိန်းမလုပ်တာပေါ့။ အဲဒါကို သူတို့ရဲ့အခေါ်အဝေါ်က သားဖောက်တယ်။ တရုတ်မှာ သွားပြီး သားဖောက်တာ။ အဲဒီလိုမျိုးပေါ့။ တရားဝင် သွားတာမျိုးတော့ မဟုတ်ဘူး။ တရားဝင်ဆိုတာက အစိုးရလွှတ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကာယကံရှင်က အဲဒီလိုမျိုးကို ကြည်ကြည်ဖြူဖြူနဲ့ သွားတာတွေ ဖြစ်လာတာ များတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ရဲ့ တကျော့ပြန်တိုက်ပွဲကြောင့် စစ်ကော်မရှင်က မြို့အဝင်အထွက်တွေကို ပိတ်ထားတာ၊ တိုက်ပွဲကြောင့် ကုန်သွယ်ရေးတွေ ရပ်တန့်တာ၊ စစ်ကော်မရှင်ရဲ့ အတင်းအဓ္ဓမ စစ်မှုထမ်းခေါ်မှုကြောင့် အမျိုးသားတော်တော်များများ တိမ်းရှောင်နေကြရတာကြောင့် အမျိုးသမီးတွေဟာ စားဝတ်နေရေး ကျပ်တည်းလာကြတာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် စစ်တွေရှိ အမျိုးသမီးတွေဟာ စိုက်ပျိုးရေး၊ ဆန်စက်တွေမှာ အလုပ်သမားအဖြစ်လည်းကောင်း၊ သင်္ဘောဆိပ်ကမ်းတွေမှာ ကုန်ပစ္စည်းသယ်တာ၊ ကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် အပျိုမိန်းကလေးတွေသာမက အိမ်ထောင်ရှိပြီးသား အမျိုးသမီးတွေပါ တရုတ်မယားအဖြစ် သွားရောက်လုပ်ကိုင်ကြရတဲ့ အခြေအနေကို ရောက်နေတာ ဖြစ်တယ်လို့ စစ်တွေမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ မျိုးစုံပဲပေါ့။ ဒုက္ခသည်စခန်းမှာလည်း သူ့ဟာနဲ့သူ ဒုက္ခရောက်လို့ သွားတယ်။ ရပ်ကွက်ထဲမှာလည်း တချို့ဆိုလို့ရှိရင် ယောကျာ်းတွေကတောင်မှ စားဝတ်နေရေး အခက်အခဲရှိပြီး ယောကျာ်းတွေကတောင်မှ နင်တို့ သွားရင်လည်း သွား ပိုက်ဆံရမှာလေ။ ပိုက်ဆံပို့ပေးမယ် ယောကျာ်းတွေကလည်း လွှတ်လိုက်တာပဲ အဲဒီလိုမျိုးတွေလည်း ရှိတယ်။ တစ်ဖက်က ကြည့်မယ်ဆိုလို့ရှိရင် ကာယကံရှင်က ကြည်ကြည်ဖြူဖြူ သွားတဲ့အတွက်ကို ဖမ်းဆီးလို့ မရဘူးလား၊ ကိုင်တွယ်လို့ မရဘူးလား။ သူတို့ကတော့ ရောက်သွားပြီ ပွဲစားတွေက စစ်တွေမှာ အထိုင်ရှိနေတာဆိုတော့ အဲဒီပွဲစားတွေကို စုံစမ်းပြီးတော့ ပွဲစားတွေကို ဖမ်းဆီးမှပဲ ဒါတွေကတော့ ပျောက်သွားမှာပေါ့နော်” လို့ အာရက္ခတိုင်းမ်စ်ကို ဆက်လက် ပြောပါတယ်။
တရုတ်ပြည်ကို တစ်ခါ ပို့ရင် ၅ ယောက်ခန့်ဖြစ်ပြီး ပွဲစားအကြီးတွေက နောက်ထပ်လူစုပေးတဲ့ ထပ်ဆင့်ပွဲစားတွေကို အမျိုးသမီးတစ်ယောက်စုပေးရင် ၁ သိန်းခွဲကျပ် ပေးတယ်လို့ သိရပါတယ်။
အဲဒါအပြင် တရုတ်မယားအဖြစ် သွားရောက်လုပ်ကိုင််ကြတဲ့ အမျိုးသမီးတွေကို တခြားသော ဒေသခံတချို့က ဒါဟာ လူကုန်ကူးမှုမြောက်ကြောင်း ထောက်ပြရာတွင်လည်း သူတို့ရဲ့ စားဝတ်နေရေးကို နှောင့်ယှက်သည်ဟုဆိုကာ ရန်တွေ့ပြီး ကိုယ်ထိလက်ရောက် ဖြစ်ကြရတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။