မုဒိမ်းမှုတွေအတွက် ကြိမ်ဒဏ်ကို အသက်ပြန်သွင်းဖို့လို

အာရက္ခတိုင်းမ်စ် (၈ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်က အမျိုးသမီး ၄ ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံတစ်ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ခရိုင်တရားရုံးက အလုပ်ကြမ်း နဲ့ ထောင်ဒဏ်နှစ် ၄၀ ချမှတ်လိုက်တဲ့အပေါ်မှာ ပြည်သူတွေက ဝေဖန်မှုတွေ မြင့်တက်လျက် ရှိပါတယ်။

အဲဒီ အမျိုးသမီး ၄ ဦးထဲမှာ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ် ကလေးငယ် ၂ ဦး ပါဝင်နေတဲ့အပြင် ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက နောက်ထပ် အမျိုးသမီး ၇ ယောက်လည်း မုဒိမ်းကျင့်ခဲ့သေးတယ်လို့ DLEPS တွေဆီမှာ ထွက်ဆို ဝန်ခံထားပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ တရားခံကို သေဒဏ်ပေးဖို့ကို ထောက်ခံတယ်ဆိုပေမယ့် လက်ရှိမှာ အာရက္ခတပ်တော်အနေနဲ့ တော်လှန်ရေး လုပ်ဆောင်နေရတဲ့ ကာလဖြစ်တာကြောင့် နိုင်ငံတကာရဲ့ အမြင်ကိုလည်း အာရုံစိုက်နေရတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါ့ကြောင့် သေဒဏ်အစား ကြိမ်ဒဏ်ကို ပြန်လည်အသက်သွင်းဖို့ လိုအပ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ AA အနေနဲ့က တော်လှန်ရေးက ဆက်ဆင်နွှဲနေရတာလေ။ ကမ္ဘာကြီးရဲ့ အမြင်ကိုလည်း ကြည့်ရသေးတာပေါ့။ ကြမ်းတမ်းတယ်၊ ကြိုးမိန့်တွေ ပေးနေတယ်၊ သတ်နေတယ်ဆိုတာမျိုးကို AA က လိုချင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကြားမူတစ်ခုကို တင်ပြရမယ်ဆိုရင် စင်္ကာပူလိုနိုင်ငံမျိုးမှာလည်း ကြိမ်ဒဏ်ပေးတာ ရှိတယ်။ မြန်မာပြည်မှာလည်း ရှိတယ်။ ကြိမ်ဒဏ်ကို ပြန်ပြီး အသက်သွင်းစေချင်တယ်။ ကြိမ်ဒဏ်က ဘယ်လောက်ပြင်းသလဲဆို ၃ ချက်လောက် ရိုက်လိုက်ရင်ကို အောက်ပိုင်းတွေ ဘာတွေ သေပြီး ပန်းတွေပါ သေသွားတာ။ ၅ ချက်လောက်ဆိုရင် မထနိုင်တော့ဘူး။ တနှစ်လောက် နလန်မထူတော့ဘူး” လို့ ပြောပါတယ်။

ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ မူးယစ်မှုနဲ့ မုဒိမ်းမှုတွေကို ထောင်ဒဏ်၊ ငွေဒဏ် ပေးရုံနဲ့ ပြည်သူတွေက မလေးစားတော့မှာဖြစ်သလို ကြိမ်ဒဏ် ပေးတဲ့ နည်းလမ်းကို မကျင့်သုံးဘူးဆိုရင်တော့ ဒီအမှုတွေကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ဦးကြီးမြင့်က ဆက်ပြောပါတယ်။

“ အဲဒီလို ကြိမ်ဒဏ် မှတ်လောက်သားလောက် မပေးဘဲနဲ့တော့ ဒီထောင်ဒဏ်တွေနဲ့လောက်တော့ ပြည်သူလူထုက မလေးစားတော့ဘူး။ ငွေဒဏ်ဆိုလည်း ဒီအတိုင်းပဲပေါ့။ ထောင်ဒဏ်တွေ ဘာညာ ထိန်းသိမ်းရတာလည်း ခက်တယ်။ အဲဒီတော့ ကြိမ်ဒဏ်နဲ့ တွဲပြီးတော့ ၁၁ ယောက်ကို မုဒိမ်းကျင့်ရင် ၁၁ မှုပေါ့။ ၁ မှုကို ၂ ချက် ရိုက်မယ်ဆိုရင်တောင် ၂၂ ချက် ရိုက်ရမယ်။ ၂၂ ချက်ကို ဒီအတိုင်း တန်းရိုက်လို့ရှိရင် သေမှာပဲ။ အဲဒါကြောင့်မို့လို့ ခွဲပြီးတော့ ရိုက်ရမှာပေါ့။ ၁ နှစ် ၁ ခါ ဒါမျိုးတွေပေါ့။ အဲဒီလိုနည်းတွေနဲ့ မလုပ်ဘဲနဲ့တော့ မုဒိမ်းမှုတို့၊ လုယက်မှုတို့က အဲဒါမျိုးတွေကို မတားဆီးနိုင်ဘူး” လို့ ပြောပါတယ်။

ဒီအမှုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မြောက်ဦးခရိုင်တရားရုံးက စက်တင်ဘာလ ၁ ရက်နေ့မှာ ချမှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီလို အမျိုးသမီး ၄ ဦးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သူကတော့ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်က အသက် ၂၅ နှစ်အရွယ် ဇော်ဇော်နိုင်(ခ)လဖြူချေ ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ သေဒဏ်မပေးဘဲ ထောင်ဒဏ်ချမှတ်တာဟာ စစ်ကောင်စီထက်စာလို့ရှိရင် အပြစ်ဒဏ် ပေးသေးကြောင်း၊ နောက်ပြီး သူ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်တယ်လို့ တရုတ် – မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ကျမတို့ တပ်ရှိတုန်းကပေါ့ ပန်ဆန်းတို့ဘာတို့မှာ ရှိတုန်းက မုဒိမ်းမှုဆို သေဒဏ်ပဲ တစ်စက်မှ မလျှော့ဘူး။ အခုက AA က ဘာပဲဖြစ်ဖြစ် အပြစ်ပေးသေးတယ်။ စစ်ကောင်စီလို အကုန်လုံး အပြစ်လွှတ်ပေးနေတာမှ မဟုတ်တာ။ သူ ပေးသင့်တယ်ထင်လို့ ပေးတာ တော်တော်ကြီးကို ပြင်းပြင်းထန်ထန် ပေးထားတာပဲလေ။ သူ့ဘက်ကကြည့်ရင် သူတို့ သင့်တော်တယ်ထင်လို့ ပေးတာ။ ဒီအတိုင်း လွှတ်ပေးထားတာမှ မဟုတ်တာ။ ကျမကတော့ ဒါ သူတို့အဖွဲ့ အတွင်းရေးဖြစ်လို့ သူတို့ လုပ်သင့်လုပ်ထိုက်တာ လုပ်တယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ရက္ခိုင်မှာ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်တာ ရှိခဲ့သလို ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာမှာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမှုတွေလည်း ရှိခဲ့ပါသေးတယ်။

လက်ရှိ အမှုကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေ နဲ့ ရက္ခိုင်မှာ ဖြစ်ပွါးခဲ့တဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ပထမဆုံး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၄၀ ထိကို စတင်ချမှတ်လိုက်တဲ့ အမှုလည်း ဖြစ်ပါတယ်။

Related posts

ကချင်တော်လှန်ရေး အမြန်ဆုံးအောင်မြင်စေရန် AA အပါ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆုတောင်း

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ