အာရက္ခတိုင်းမ်စ် (၂၇ စက်တင်ဘာ ၂၀၂၅)
ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ဥပဒေနဲ့ အာရက္ခတပ်တော် (အေအေ) ကို အမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင်က စက်တင်ဘာလ ၂၄ ရက်နေ့ မှာ ထုတ်ပြန် ကြေညာထားပါတယ်။
အမှုဖွင့်ခံရတဲ့အထဲမှာ အာရက္ခတပ်တော် (AA) အပါအဝင် KNU ဥက္ကဋ္ဌ ပဒိုစော်ကွယ်ထူးဝင်းနဲ့ အဖွဲ့ဝင် ၁၃ ဦး၊ ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ဦး၊ ခေတ်သစ်မီဒီယာတို့ ပါဝင်ပါတယ်။
အဲဒီ ထုတ်ပြန်ချက်မှာ သြဂုတ်လ ၂၇ ရက်နေ့က ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ယင်းဆယ်ကျေးရွာ ဘုန်းကြီးကျောင်းမှာ မဲပေးစက် အသိပညာပေး လက်တွေ့စမ်းသပ် မဲပေးခြင်း ဆောင်ရွက်နေစဥ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ကော်မရှင်က အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို စွပ်စွဲ ပြောဆိုထားပါတယ်။
အဲဒီ စွပ်စွဲချက်နဲ့ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို စစ်ကော်မရှင်က လေးမျက်နှာမြို့နယ် အိုင်သပြုနယ်မြေရဲစခန်းမှာ စက်တင်ဘာလ ၄ ရက်နေ့က အမှုဖွင့် တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။
စစ်ကော်မရှင် စွပ်စွဲထားသလို ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ယင်းဆယ်ကျေးရွာဘုန်းကြီးကျောင်း တိုက်ခိုက်မှုမှာ အာရက္ခတပ်တော် (AA) နဲ့ တစုံတရာ ပတ်သက်မှု မရှိဘူးလို့ AA ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက တုန့်ပြန် ပြောဆိုထားပါတယ်။
စစ်ကော်မရှင်ဟာ အပြစ်မဲ့ ကလေးငယ်တွေ၊ ကျောင်းသားလူငယ်တွေကို ဗုံးကြဲသတ်ဖြတ်ထားတာကြောင့် နိုင်ငံတကာမှာ သူတို့ရဲ့ နိုင်ငံရေး ပုံရိပ် ကျဆင်းနေသလို တခြားအဖွဲ့အစည်းတွေကိုလည်း အခုလို ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ စွပ်စွဲ ပြောဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် (AA) ဟာ အများပြည်သူ ထိခိုက်စေမယ့် အကြမ်းဖက် လုပ်ရပ်မျိုးကို လုံး၀ အားမပေးဘူးလို့လည်း ဦးခိုင်သုခက ပြောဆိုထားပါတယ်။
စစ်ကော်မရှင်ဟာ သူတို့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ရက္ခိုင်မြောက်ပိုင်းက မြို့နယ်တွေကို မကြာခဏ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး အရပ်သား ပြည်သူနေထိုင်ရာ မြို့ရွာတွေကို အများဆုံး ဦးတည်တိုက်ခိုက်နေတာလည်း ဖြစ်တယ်လို့ ရက္ခိုင်ပြည်သူလူထုက ပြောဆိုကြပါတယ်။