အာရက္ခတိုင်းမ်စ် (၂၆ စက်တင်ဘာ ၂၀၂၅)
အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင်ပိုင်းက လူပုဂ္ဂိုလ်တွေဟာ လူမျိုးတစ်မျိုးတည်းရဲ့ ခေါင်းဆောင်သာမက တစ်ပြည်နယ်လုံး အားကိုးအားထားရတဲ့ ခေါင်းဆောင်ဖြစ်အောင် ကြိုးစားလာကြတယ်လို့ တရုတ်-မြန်မာအရေးလေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍက တဖြေးဖြေး မြင့်လာကြောင်း သူက ပြောပါတယ်။
“ကျမကြည့်တာ သူတို့က သူတို့ရဲ့ ခေါင်းဆောင်မှုအခန်းက တဖြေးဖြေး မြင့်လာပြီလေ။ သူတို့က ကိုယ့်ရက္ခိုင် လူမျိုးသက်သက် အမျိုးသားရေးတင် မဟုတ်တော့ဘူးလေ။ သူက တခြားဘာသာတွေ၊ တခြားလူမျိုးတွေ ကိုလည်း အမျိုးသားအဆင့်ပေါ့။ နိုင်ငံတော်အဆင့် သူတို့က ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့၊ ဗိုလ်ချုပ်ဂွမ်မော်တို့ ပြောတာ ဆိုတာ နားထောင်ကြည့် အရင်တုန်းကသာ သူတို့လူမျိုး၊ သူတို့အမျိုးသားရေးသာ အဓိကပြောတာ။ အခုနောက်ပိုင်းကြတဲ့အခါကြတော့ တစ်နိုင်ငံလုံးချီပြီး စဉ်းစားတဲ့ဟာတွေ ပေါ်လာတာ ဖြစ်တာကို။ ဒါကြောင့် မို့လို့ အဲဒီ အခြေခံပေါ်ကနေ သူတို့ဟာသူတို့ သူတို့နိုင်ငံရေးအဆင့်ကို တဖြေးဖြေး မြှင့်တင်ချင်တယ်နော်။ သူတို့ လူမျိုးတစ်မျိုးတည်းရဲ့ ခေါင်းဆောင်သာ မကတော့ဘူးပေါ့။ တစ်ပြည်လုံးရဲ့ အားကိုးအားထားရတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ကြိုးစားလာတာ မြင်ရတယ်” လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မောင်တောခရိုင်က မွတ်ဆလင်ခေါင်းဆောင်တွေ ဩဂုတ်လအတွင်းက တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ပတ်ခန့်အကြာမှာ မောင်တောမြို့မဗလီကို ဖွင့်ပေးပြီး ဝတ်ပြုခွင့် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့ပြင် ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးပြုလုပ်ရမှာ အာရက္ခတပ်တော် အနေနဲ့ ရက္ခိုင်ဒေသကို စနစ်တကျနဲ့ ငြိမ်းချမ်းစွာ အုပ်ချုပ်ရေး တည်ဆောက်မယ်ဆိုရင် ဘယ်အဖွဲ့အစည်းကိုမှ ဘေးဖယ်ထားလို့ မရဘူးလို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောခဲ့တာပါ။
အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မောင်တောခရိုင်က မွတ်ဆလင်ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုဟာ အထင်မြင်လွဲမှားအောင် ရန်တိုက်ပေးနေသူတွေကို သက်သေပြလိုက်တဲ့ သဘောဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ရက္ခိုင်ပြည်မှာ ဟိုးရှေးနှစ်ပေါင်းများစွာကတည်းက မွတ်ဆလင်အသိုင်းအဝိုင်းတွေ၊ လူမျိုးတွေ နေထိုင်ကြတယ်လေ။ အဲဒါ သူလည်း ရက္ခိုင်ပြည်နယ်က ပြည်သူတွေပါပဲ။ အဲဒီတော့ ကိုယ့်ပြည်သူကို ကိုယ်တွေ့တာကတော့ သိပ်အထူးအဆန်းတော့ မဟုတ်ဘူး။ ကျနော်တို့ကတော့ ငြိမ်းချမ်းစွာ အတူတူ နေထိုင်ကြရမှာပဲလေ။ အဲဒီလို တွေ့လိုက်တဲ့အတွင်းမှာ ပိုပြီး မြင်သာထင်သာ ရှိတာပေါ့။ သူများတွေ ပြောနေတဲ့ သွေးခွဲစကားတွေ ပြောနေတယ်။ အထင်အမြင် လွဲမှားအောင် ဖန်တီးနေကြတဲ့ အဝေးကရော အနီးကရော အဲဒီလို ရန်တိုက်ပေးနိုင်တဲ့ဟာတွေဟာ အဲဒီလိုပုံလေးတွေ ထွက်လာတော့ ဘေးပြောတာမယုံနဲ့ ဆိုတဲ့ဟာတွေကို ပိုပြီးတော့ လက်တွေ့ ဆန်လာတယ်ပေါ့” လို့ သူက ပြောပါတယ်။
ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော်ဟာ ပလက်ဝအပါအဝင် မြို့နယ်ပေါင်း ၁၅ ခုကို သိမ်းပိုက်ထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရန် လုပ်ဆောင်လျက်ရှိပါတယ်။
ဒါပေမယ့်လည်း အာရက္ခတပ်တော်ဟာ အကြမ်းဖက်စစ်တပ်တစ်ဖွဲ့နဲ့သာ တိုက်ပွဲတွေ ရင်ဆိုင်နေရတာ မဟုတ်ဘဲ အကြမ်းဖက် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့ရဲ့ တိုက်ခိုက်မှုတွေနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
1 Comment
Делаем монтаж сайдинга в Молодечно так, как себе. Аккуратность на каждом шаге. Запиливаем углы, стыкуем профили внахлест по технологии. Работаем с металлом и ПВХ. Звоните, подберем цвет. обшивка дома сайдингом молодечно</a