နမ့်ဆန်ကို စကမ ဗုံး ၁၁ လုံးကြဲချပြီး ၁ ဦးသေ ၅ ဦးဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၅)

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်ကို စစ်ကော်မရှင်က ဒီကနေ့ အောက်တိုဘာ ၁၄ ရက် မနက် ၇ နာရီခွဲအချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၁၁ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အုမ်းစွမ်ကျေးရွာက အမျိုးသမီး (၁) ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူလူထု (၅) ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အသက် (၁၆) နှစ်အရွယ် လွေးတင်တင်နွယ်က နေရာမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အသက် (၁၅) နှစ် လွေးမေတင်နွယ်၊ အသက် (၅) နှစ်အရွယ် မိုင်းနန်းဘု၊ အသက် (၇) နှစ်အရွယ် မိုင်းကောင်းချစ်ဖြိုး၊ အသက် (၃) နှစ်အရွယ် လွေးမေချစ်သဲနဲ့ အသက် (၃၃) နှစ် ဦးနန်းလင်တို့ ဗုံးစထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒါအပြင် ဆိုင်ကယ် (၆) စီး၊ ကလေးမူကြိုကျောင်း အပါအဝင် နေအိမ် (၈) လုံးမှာလည်း ထိမှန်ပျက်စီးသွားပြီး နောက်ထပ် နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ TNLA က ​ထုတ်ပြန်ထားပါတယ်။

မနေ့က အောက်တိုဘာ ၁၃ ရက်နေ့မှာလည်း နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၆) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး အမျိုးသား (၁) ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် (၂) ဆောင်နဲ့ နေအိမ် (၆) လုံး ပျက်စီးသွားခဲ့ပါသေးတယ်။

စစ်ကော်မရှင်ဟာ တအာင်းပြည်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတို့ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ နေရာတွေမှာ လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ လေကြောင်းတွေနဲ့ အပြစ်မဲ့ပြည်သူလူထုတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာလို့ TNLA က ထုတ်ပြန်ထားပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ