ရန်ကုန်မှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်း ၇ ယောက်ရှိ

အာရက္ခတိုင်းမ်စ် (၂၂ အောက်တိုဘာ ၂၀၂၅)

ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ကိုယ်စားလှယ်လောင်း ၇ ယောက် ရှိတာကို စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်စာရင်းမှာ ထုတ်ပြန်လာပါတယ်။

ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အကြမ်းဖက်စစ်တပ်က လူတွေ အများဆုံးပါဝင်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ဦးနေမင်းထွန်း၊ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) က ဦးသာစိန်၊ ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ( PPP) က ဒေါ်အေးမာလွင် (ခ) ဒေါ်ခင်အေးမြင့်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီက ဦးတင်မောင်၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက ဒေါ်ခင်နှင်းဆီအောင်၊ တစ်သီးပုဂ္ဂလအဖြစ် ဦးညီညီနှင့် ရခိုင်အမျိုးသားကွန်ရက် (ANN) ဥက္ကဋ္ဌ ဦးတင်ထူးအောင်တို့ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီက ဦးနေမင်းထွန်းဟာ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ကဖြစ်ပြီး ပြည်သူ့ပါတီ (PP) က ဦးသာစိန်ဟာ ရန်ကုန်က ရခိုင်တိုင်းရင်းသားဖြစ်ပါတယ်။

နောက်ထပ် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ဒေါ်အေးမာလွင် (ခ) ဒေါ်ခင်အေးမြင့်ဟာ စစ်တွေဇာတိ၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက ဒေါ်ခင်နှင်းဆီအောင်ဟာ သံတွဲဇာတိဖြစ်ပြီး တစ်သီးပုဂ္ဂလအဖြစ်ဝင်ပြိုင်တဲ့ ဦးညီညီနဲ့ ဦးတင်ထူးအောင်က ရမ်းဗြဲမြို့နယ်ဇာတိ ဖြစ်ပါတယ်။

ကျားဖြူပါတီက ဦးတင်မောင်ရဲ့ ဇာတိကိုတော့ မသိရသေးပါဘူး။

အဲဒီထဲက တစ်သီးပုဂ္ဂဝင်ပြိုင်မယ့် ဦးတင်ထူးအောင်က ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာလည်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲမှာ ဒုတိယအကြိမ်အဖြစ် ဝင်ပြိုင်တာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတစ်ခုမှာ တိုင်းရင်းသားလူမျိုးတမျိုးက လူဦးရေ ၅၄,၀၀၀ ကျော်ရှိခဲ့ရင် တိုင်းရင်းသားရေးရာဝန်ကြီးတဦး ရွေးကောက်တင်မြှောက်နိုင်တယ်လို့ ရွေးကောက်ပွဲဥပဒေမှာ ပြဋ္ဌာန်းထားပေမယ့် ရက္ခိုင်တွေ အများဆုံးရှိနေတဲ့ ရက္ခိုင်ပြည်က ပါတီတွေကတော့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်တာ မရှိဘူးလို့ သိရပါတယ်။

ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးခွင့်ကိုလည်း UEC က အောက်တိုဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂၆ ရက်အထိ ရက်ပေါင်း ၆၀ သတ်မှတ်ထားပြီဖြစ်သည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလနဲ့ ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ အပိုင်းလေးပိုင်းနဲ့ ကျင်းပမှာဖြစ်ပြီး ပထမပိုင်းကိုတော့ ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ဦးတင်ထူးအောင် မဲဆွယ်နေစဉ် (ပုံဟောင်း)

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)