အာဆာက ခရီးသည်တင်ကားကို ခြုံခိုတိုက်ခိုက်ပြီး ပြည်သူ ၂ ဦးကို သတ်ခဲ့တယ်လို့ AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၂ အောက်တိုဘာ ၂၀၂၅)

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် အာဆာက ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာကနေ ရသေ့တောင် စေတီပြင်ကျေးရွာကို ကုန်စည်တင်ဆောင်ပြီး အဲဒီကနေ ပြန်လာတဲ့ ခရီးသည်တင်ကားကို ခြုံခိုတိုက်ခိုက်ပြီး ပြည်သူ ၂ ဦးကို သတ်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

မောင်တောကနေ အသက် ၃၀နှစ်အရွယ် ကိုထွန်းဝင်းက ခရီးသည်တင်ကားနဲ့ ခရီးသည် ၅ ဦးကို တင်ဆောင်ပြီး ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီးတွေကို ဝယ်ယူပြီး ပြန်လာစဉ် အောက်တိုဘာ ၂၂ရက်၊ မွန်းလွဲ ၁နာရီ မိနစ် ၄၀ခန့်မှာ အာဆာ တပ်ဖွဲ့က ဖမ်းဆီးခဲ့​တာ ဖြစ်ပါတယ်။

အဲဒီခရီးသည်တင်ကားက မောင်တောမြို့နယ်၊ မြို့ယုရွာ အရှေ့ဘက် တံတားအနီးမှာ အာဆာ တပ်ဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံခဲ့ရပြီး ယာဉ်မောင်းအပါအဝင် ပြည်သူ ​၆ ဦးကို ဖမ်းဆီးပြီး သယ်ဆောင်လာတဲ့ ကုန်စည်တွေကိုလည်း ယူဆောင်သွားကြပါတယ်။

ခြုံခိုတိုက်ခိုက်ခံရတဲ့သတင်းကြားပြီးနောက် AA တပ်ဖွဲ့က အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့ပြီး အာဆာ တပ်ဖွဲ့ ဖမ်းဆီးခဲ့တဲ့သူတွေကို လိုက်လံရှာဖွေရာ အခင်းဖြစ်ပွားခဲ့တဲ့နေရာ မလှမ်းမကမ်းမှာ မဝေဝေစိုးနဲ့ အမည်မသိ တစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး မဝေဝေစိုးရဲ့သမီးဖြစ်သူ အသက် ၃နှစ်အရွယ် ခိုင်မြတ်မွန်ကို မိခင်အလောင်းဘေးမှာ အသက်ရှင်လျက်တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် အာဆာ တပ်ဖွဲ့ထံကနေ လွတ်မြောက်လာတဲ့ ယာဉ်မောင်း ကိုထွန်းဝင်း၊ ခရီးသည် မောင်သန်းထွီး (၂၅) နှစ်တို့ကိုလည်း ဒဏ်ရာတွေနဲ့ ထပ်မံတွေ့ရှိခဲ့ပါတယ်။

မနေ့ မနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာမှ ကိုကျော်ဝင်းစိုး အသက် (၂၅) နှစ်ကို မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာအနီးမှာ အကြမ်းဖက် ARSA တပ်ဖွဲ့က ပစ်သတ်ခဲ့ပါတယ်။

ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်သွားတဲ့ အာဆာ တပ်ဖွဲ့ဝင်တွေကို လိုက်လံရှာဖွေနေပြီး အသေးစိတ်နဲ့ နောက်ဆက်တွဲ သတင်းတွေကို ထပ်မံတင်ပြပေးသွားမယ်လို့ အာရက္ခတပ်တော် AA က အသိပေးထားပါတယ်။

Related posts

AA ထိုးစစ်ခုခံရန် စစ်ကောင်စီက လေးမျက်နှာက စစ်ရှောင်တွေကို လူသားဒိုင်းလုပ်နေ

သမိုင်းဝင် တောင်းဖူးဘုရားကြီး စစ်ကောင်စီက ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး

ပုဏ္ဏားကျွန်း ကုလားချောင်းရွာ ဗုံးကျ ပေါက်ကွဲလို့ ပြည်သူတစ်ဦး သေဆုံး