အာရက္ခတိုင်းမ်စ် (၂၃ အောက်တိုဘာ ၂၀၂၅)
အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ ARSA တပ်ဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ခရီးသွား အရပ်သားပြည်သူ အမျိုးသမီး ၂ ဦးနဲ့ ဒဏ်ရာရသူ ၃ ဦးစာရင်းကို အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။
သေဆုံးသူ ၂ ဦးမှာ ဒေါ်ဝေဝေစိုး (၃၀) နှစ်နဲ့ ဒေါ်နိုင်နိုင်ဆွေ (၄၀) နှစ်တို့ဖြစ်ပြီး ဒေါ်ဝေဝေစိုးဟာ စစ်တွေကနေ မောင်တောကို တိုက်ပွဲတိမ်းရှောင်လာသူ ဖြစ်ပါတယ်။
ဒဏ်ရာရသူတွေကတော့ ဒေါ်ဝေဝေစိရဲ့သမီး မခိုင်မြတ်မွန် (၃) နှစ်၊ မောင်တောဒေသခံ မောင်သန်းထီး (၂၅) နှစ်နဲ့ မောင်တောဒေသခံ ကားသမား ဦးထွန်းဝင်း (၃၀) နှစ်တို့ ဖြစ်ပါတယ်။
ဖြစ်စဥ်မှာ မနေ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ နေ့လည် ၁ နာရီ မိနစ် ၄၀ ခန့်အချိန် အာရက္ခပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာမှ အဖ ဦးအဒေါင်း၏ သား ကိုထွန်းဝင်းက သူ့ရဲ့ ခရီးသည်တင်ကားနဲ့ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီးစတဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေ ဝယ်ပြီး ပြန်လာတဲ့ ဒေါ်ဝေဝေစိုး၊ ဒေါ်နိုင်နိုင်ဆွေ၊ ဒေါ်ဝေဝေစိုး၏သမီး မခိုင်မြတ်မွန်နဲ့ မောင်သန်းထွီး စုစုပေါင်း ကားသမားအပါအဝင် ခရီးသည် (၅) ဦးကိုတင်ဆောင်ပြီး ကျောက်ပန္ဒူရွာဘက်ကို ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ ခရီးသည်တင်ကားက မောင်တောမြို့နယ်၊ မြိုယုရွာရဲ့ အရှေ့ဘက် တံတားအနီးမှာ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကိုခံခဲ့ရပြီး ကားပေါ်မှာပါလာတဲ့ ခရီးသည်နဲ့ ကားမောင်းသမား အားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိတဲ့ စားသုံးကုန်တွေအားလုံးကို ယူဆောင်သွားခဲ့ပါတယ်။
အာရက္ခတပ်တော်က အခင်းဖြစ်ပျက်ရာနေရာကို သွားရောက်ပြီး အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူတွေကိြ လိုက်လံရှာဖွေတဲ့အခါမှာ အခင်းဖြစ်ပွားသည့် နေရာနဲ့ မလှမ်းမကမ်းမှာ ခရီးသည် မဝေဝေစိုးနဲ့ ဒေါ်နိုင်နိုင်ဆွေတို့ ၂ ဦးဟာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရပြီး သေဆုံးသူ မဝေဝေစိုးရဲ့ သမီးငယ် ခိုင်မြတ်မွန်ကို မိခင်ရဲ့ အလောင်းဘေးမှာ အသက်ရှင်လျက် တွေ့ရှိခဲ့ရပါတယ်။
အဲဒီနောက် အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကားမောင်းသူ ကိုထွန်းဝင်းနဲ့ ခရီးသည် မောင်သန်းထွီးတို့ကိုလည်း ဒဏ်ရာတွေနဲ့ ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အခုလို အပြစ်မဲ့အရပ်သားပြည်သူတွေကို ချောင်းမြောင်း၊ ပစ်ခတ်၊ သတ်ဖြတ်ပြီး ထွက်ပြေးသွားကြတဲ့ စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဝင်တွေကို အာရက္ခတပ်တော်က လိုက်လံရှင်းလင်းပြီး ဒေသအတွင်းအကြမ်းဖက်အန္တရာယ် ကင်းဝေးစေဖို့နဲ့ ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင် ရွက်လျက်ရှိပါတယ်။
အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA၊ RSO လက်နက် ကိုင်အဖွဲ့ဝင်တွေက အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့ အာရက္ခမိဘပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို ခြိမ်းခြောက်နေတာကြောင့် နယ်စပ်ရှိ မိဘပြည်သူတွေအနေနဲ့ တောတောင်ထဲနဲ့ လူပြတ်တဲ့နေရာတွေကို သွားလာတဲ့အချိန်တွေမှာ တစ်ဦးတည်း ဒါမှမဟုတ် လူအနည်းစုနဲ့ သွားလာကြတာတွေကို အတတ်နိုင်ဆုံး မပြုလုပ်ကြဖို့နဲ့ ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမယ့် အရေးကြီးကိစ္စတွေရှိရင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှ သွားလာကြဖို့ လုံခြုံရေးအရ အာရက္ခတပ်တော် ထပ်မံအသိပေးထားပါတယ်။
ဓာတ်ပုံ ကြည့်လိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။