ရက္ခိုင်က မြို့ ၄ မြို့ကို စကမ က AA ထံ တောင်းတယ်လို့ သတင်းထွက်

အာရက္ခတိုင်းမ်စ် (၁၂ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်ထဲက အာရက္ခတပ်တော် (AA) သိမ်းပိုက်အုပ်ချုပ်နေတဲ့ မြို့တွေအနက် ၄ မြို့ ကို စစ်ကော်မရှင်က AA ထံ ပြန်တောင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

စစ်ကော်မရှင် ပြန်တောင်းထားတဲ့ မြို့ ၄ မြို့ကတော့ အမ်း၊ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့တို့ ဖြစ်နိုင်ပြီး တရုတ်ကနေတဆင့် အဲဒီ မြို့ ၄ မြို့ကို တောင်းထားတာဖြစ်တယ်လို့ ကြားရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“တရုတ်ကတဆင့် တောင်းတယ်လို့ ကြားတာပဲ။ အဲဒါကတော့ ကျနော်တို့ ဘာသတင်းမှတော့ မရဘူး တခြား ပြောတာကတော့ ဒီဘက် နယ်စပ်မြို့တွေလို့ ပြောတယ်။ အမ်းတို့ ဂွတို့ တောင်ကုတ်တို့ ၄ မြို့လို့ ပြောတယ်။ သံတွဲ၊ အမ်း၊ ဂွ၊ တောင်ကုတ် ဖြစ်နိုင်တာပေါ့။ အလယ်ပိုင်းမှာ ရွေးကောက်ပွဲတွေ ဘာတွေလုပ်ရင် နည်းနည်း အနှောင့်အယှက် မရှိအောင် ခြံစည်းရိုးကာတဲ့ သဘောပေါ့။ အဲဒီ ၄ မြို့ကို ပြန်သိမ်းနိုင်တယ်ဆိုရင် ခြံစည်းရိုးကာ ပြီးတော့ တခြားနေရာတွေမှာ AA က အကန့်အသတ်နဲ့ ထားလိုက်တဲ့ သဘောပေါ့။ ဒါပေမယ့် ချက်ချင်းတော့ မဖြစ်နိုင်သေးပါဘူး။ နိုင်ငံရေး အပေးအယူ မရှိဘဲနဲ့တော့ ဒါတွေက ဖြစ်လာဖို့ မလွယ်သေးပါဘူး” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ မြို့နယ်တွေ ထုတ်ပြန်ကြေညာမှုမှာ လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်တဲ့ ပလက်ဝ အပါအဝင် ၁၅ မြို့နယ်ရှိတဲ့အထဲ ၁၁ မြို့နယ်သာ ပါဝင်ပြီး ကျန် ၄ မြို့နယ် မပါဝင်ပါဘူး။

ရက္ခိုင်ပြည်ထဲ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်တွေကတော့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့ အပြင် ပလက်၀မြို့နယ်တို့ ဖြစ်ကြပါတယ်။

ဒါပေမယ့် အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့တို့ မပါဝင်တာကြောင့် အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၁ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ကြေညာတာဖြစ်တဲ့အတွက် ကျန်မြို့နယ် (၄) ခုမှာ ကျင်းပမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

Related posts

မီးလောင်မြေသို့ သွားရောက်ခြင်း

မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား