စကမ ကြဲတဲ့ ဗုံးကြောင့် MUYA စေတနာ့ ဝန်ထမ်းလေးဦးလည်း သေဆုံးခဲ့

အာရက္ခတိုင်းမ်စ်(၁၁ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေထဲမှာ မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) မှ စေတနာ့ဝန်ထမ်းများလည်း ပါဝင်တယ်လို့ အစည်းအရုံးရဲ့ ဒုဥက္ကဌဖြစ်တဲ့ ကိုအောင်စိုးက ဆိုပါတယ်။

“ ကျွန်တော်တို့အဖွဲက လုံခြုံရေးဝန်ထမ်း ကျားလေးဦးရဲ့ အိပ်နေဆောင်နား တလုံးကျတာဆိုတော့ အကုန်ပါသွားပါတယ်ဗျ။ လူငယ်ပိုင်း တဦးရယ်၊ လူလတ်ပိုင်း နှစ်ဦးရယ်တော့ အတည်ပြုနိုင်ပါပြီ။ နောက်ထပ် လူလတ်ပိုင်း တဦးတော့ အစအန မသိရသေးပါဘူး။ သေဆုံးဖို့ ရာခိုင်နှုန်း များပါတယ်။ နောက်ထပ် လူတွေက တာဝန်ချိန် မဟုတ်လို့ လွတ်သွားတာဗျ။ သန့်ရှင်းရေးဝန်ထမ်းတွေပါရင် ၂၀ နီးပါး လုပ်အားပေးနေတာ။ လေးဦးက တာဝန်ချိန်မို့ အကုန်ပါသွားတာ။ သူတို့ နေတဲ့ အဆောင်တောင် ပျောက်သွားတယ်” လို့ ကိုအောင်စိုးက အာရက္ခတိုင်းမ်စ်ကို‌ ပြောပါတယ်။

စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေ့ဟာ လူ့အခွင့်အရေးနေ့ ဖြစ်တာကြောင့် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရှုံ့ချပါတယ်လို့လည်း သူက အခုလို ဆက်ပြောပါတယ်။

“ ဒီလို လူအခွင့်အရေးနေ့မှာ လူတွေရဲ့အသက်တန်ဖိုးကို စစ်ကော်မရှင်ကလူတွေကို နားလည်‌နိုင်အောင် နိုင်ငံတကာက‌ တိုက်တွန်းပေးစေချင်တယ်ဗျာ။ စစ်တိုက်ရင်တောင် ခုလောက် ထိခိုက်မှာမဟုတ်တာကို၊ ခုက အပြစ်မဲ့ပြည်သူတွေ ကလေးတွေ၊ အမျိုးသမီးတွေ အများပြား သေဆုံး ဒဏ်ရာရကြတော့ တကယ်ကို စက်စုပ်ရွံရှာ မိတယ်ဗျာ။ ထပ်လို့ ဒီလိုမျိုး ဖြစ်ရပ်တွေ မဖြစ်ဖို့ ဝိုင်းဝန်းပြီး ကန့်ကွက်ရှံ့ချ စေချင်ပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို ထပ်ပြီး မပေးဆပ်ရစေဖို့လည်း ဆုတောင်းပါတယ်ဗျာ။ လူ့အခွင့်ရေးနေ့မှာ လူတွေ အသက်ရှင်ခွင့် အခွင့်အရေးလောက်ကိုဘဲ အပြည့်အဝလေး ရစေချင်ပါတယ်လို့ဘဲ ပြောချင်ပါတယ်။ အဖွဲ့က စေတနာ့ဝန်ထမ်းတွေအတွက်လဲ အများကြီး စိတ်မကောင်း ဖြစ်နေရပါတယ်ဗျာ” လို့ ကိုအောင်စိုးက ပြောပါတယ်။

လက်ရှိအချိန်ထိ သေဆုံးသူ ၃၃ ဦးရှိကာ သေဆုံးတွေထဲမှာ အသက်မပြည့်တဲ့ ကလေးငယ်တွေ ပါဝင်နေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ခန့်ရှိကြောင်း ကနဦး သတင်းအချက်အလက်များအရ သိရပါတယ်။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)