AA က သိမ်းပိုက်မြို့တွေကို ခိုင်မာအောင်လုပ်နိုင်ရင် အခြေခံဒေသအဖြစ် တည်ဆောက်နိုင်မယ်

အာရက္ခတိုင်းမ်စ် (၂၃ ဒီဇင်ဘာ ၂၀၂၅)

အာရက္ခတပ်တော် (AA) အနေနဲ့  သိမ်းပိုက်မြို့တွေကို ခိုင်မာအောင်လုပ်နိုင်ရင် အခြေခံဒေသအဖြစ် တည်ဆောက်နိုင်မှာဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိ သိမ်းပိုက်ရရှိထားတဲ့ မြို့တွေကို ခိုင်မာအောင် အရင်လုပ်မှ ဖြစ်မှာကြောင့် အဲဒီကျန် ၃ မြို့ကို မတိုက်သေးဘဲနေတာက မှန်တယ်လို့ထင်တယ်လို့ သူက ပြောပါတယ်။

“သူတို့ အခုလောလောဆယ် မတိုက်သေးဘဲနေတာ မှန်တယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရထားတဲ့ နေရာလေးကို ခိုင်မာအောင် အရင်လုပ်မှာဖြစ်တယ်လေ။ ဒါကြောင့်မို့လို့ သူတို့ ခိုင်မာအောင် အရင်လုပ်နေတယ်ထင်တယ် ကြည့်ရတာ။ ရက္ခိုင်မှာက တကယ်တော့ သူတို့ လုပ်လို့သာလုပ်နေတာ တကယ့်အခိုင်အမာ အ‌ပေါ်စီးရနေတာ AA က ရနေတာပါ။ ပြည်သူလူထုထောက်ခံမှုရော ဘာရော။ အခု ဒီမြောက်ဦးဆေးရုံကို ဗုံးကြဲလိုက်တော့ ကမ္ဘာကတောင် ပိုပြီးတော့ ပြည်သူတွေဘက်က ရပ်သွားတာလေ။ စစ်ကောင်စီကို အကုန်လုံးက ဝိုင်းပြီး ကန့်ကွက်နေကြတာ၊ ဆန့်ကျင်နေကြတာ၊ အဲဒီတော့ AA အခန်းက ပိုပိုပြီးတော့ နောက်ပြီး သူချထားတဲ့ လမ်းစဉ်တွေဘာတွေ နားထောင်ကြည့်တာလည်း တော်တော်မှန်တယ်။ ပြည်သူလူထုတရပ်လုံး ဗမာတွေရော၊ ဘာတွေရောပေါ့နော်။ သူတို့တမျိုးသားတည်းမဟုတ်ဘဲနဲ့ ကျန်တဲ့လူတွေရော ဘာသာအားလုံးရော တော်တော်ကို ပြည့်ပြည့်ဝဝနဲ့ သူတို့ဖမ်းမိတဲ့ စစ်တပ်က ကလေးတွေကို ပြုစုစောင့်ရှောက်တယ်ဆိုတာ ပြောတာနားထောင်ကြည့်ပါဦး။ အဲဒါမျိုးတွေကိုသာ သူတို့ ခိုင်ခိုင်မာမာ လုပ်နိုင်သွားရင် ရက္ခိုင်ကို အခြေခံဒေသအဖြစ် ကောင်းကောင်း တည်ဆောက်နိုင်မှာပါ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီကျော်မှာ မြောက်ဦး ပြည်သူ့ဆေးရုံကို ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရပါတယ်။

ဗုံးကြဲမှုကြောင့် ဆေးရုံပင်မဆောင်၊ ခွဲစိပ်ဆောင်နဲ့ အရိုးဆောင်အပါအဝင် ဆေးရုံတစ်ခုလုံးနီးပါး တစ်စစီကြေမွပျက်စီးခဲ့ရပါတယ်။

ဒီဖြစ်စဉ်အတွင်း သေဆုံးသူ ၃၃ ယောက်နဲ့ ဒဏ်ရာရသူ ၇၈ယောက်အထိ ရှိခဲ့ပြီးတော့ အဲဒီအထဲမှာ ကလေးသူငယ်တွေအပါအဝင် အမျိုးသမီး ၁၆ ယောက်နဲ့ အမျိုးသား ၁၇ ယောက် သေဆုံးခဲ့တာပါ။

ဗုံးကြဲခံရမှုကြောင့် ထိခိုက်သေဆုံးသူတွေထဲမှာ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေက ဆေးကုသနေသူတွေ၊ လူနာစောင့်တွေနဲ့ကျန်းမာရေး ဝန်ထမ်းတွေ ပါဝင်ခဲ့ပါတယ်။

ဒီလို မြောက်ဦးက ဆေးရုံကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရရှိတဲ့အပေါ်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်း၊ ပြည်ပ အရပ်ဖက်အဖွဲ့အစည်း တွေကလည်း ကန့်ကွက်ရှုတ်ချတယ်လို့ တညီတညွတ်တည်း ထုတ်ပြန်ကြပါတယ်။

ဒ့ါအပြင် အကြမ်းဖက်စစ်ကောင်စီဟာ ရက္ခိုင်ပြည်ကို ထိုးစစ်ကြီးကြီးမားမားဆင်ကာ တိုက်ခိုက်နေခြင်းမျိုးမဟုတ်ဘဲ လေကြောင်းဖြင့် ရံဖန်ရံခါ ဗုံးလာကြဲမှုတွေကြောင့် ဒေသခံလူထုတွေဟာ ကျီးလန့်စာ စားနေရသလို ဖြစ်နေကြတာပါ။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)