ယတြာခေါင်းလောင်းနဲ့ပတ်သက်ပြီး ဝေဖန်အကြုံပြုနိုင်တယ်လို့ AA ဖိတ်ခေါ်

အာရက္ခတိုင်းမ်စ် (၃ ဇန်နဝါရီ ၂၀၂၆)

မြောက်ဦးခေတ် ယတြာခေါင်းလောင်းနဲ့ပတ်သက်ပြီး ဝေဖန်အကြုံပြုနိုင်တယ်လို့ အာရက္ခတပ်တော် က ဒီကနေ့ ဇန်နဝါရီ ၃ ရက်၊ ညနေပိုင်းမှာ အသိပေး ကြေညာခဲ့ပါတယ်။

အဆိုပါ ခေါင်းလောင်းဟာ ရက္ခိုင်သမိုင်းမှာ ထင်ရှားတဲ့ ခေါင်းလောင်းဖြစ်ပြီး ခရစ်သက္ကရာဇ် ၁၆၄၃ မှာ ရက္ခိုင်ဘုရင် နရပတိက မဟာမုနိဘုရား အထက်ပစ္စယံ အရှေ့မြောက်ထောင့်မှာ လှူဒါန်းထားရှိခဲ့တာပဲ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ သမိုင်းဝင် ယတြာခေါင်းလောင်းကိုတော့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ မနက်အစောပိုင်းမှာ မဟာမုနိဘုရားကုန်းတော်ရဲ့ အနောက်ဘက် မဟာမုနိဘုန်းတော်ကြီးကျောင်းထဲက မြေအနက် ၈ပေကျော်ရှိ တနေရာမှာ တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“ အဖိုး ဦးထွန်းအောင်ရဲ့ သတင်း‌ပေးပို့ကူညီမှုနဲ့ ပြန်လည် တူးဖော်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ရက္ခိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လည်းဖြစ် ပြည်စောင့်ခေါင်းလောင်းလည်းဖြစ်သော အဆိုပါ ယတြာခေါင်းလောင်းနဲ့ပတ်သက်ပြီး မိဘပြည်သူတွေအနေနဲ့ ရှေးဟောင်းသုတေသန၊ သမိုင်းနဲ့ယဉ်ကျေးမှုဆိုင်ရာများ အပါအဝင် တခြားဆောင်ရွက်ဖွယ်ရာ ကိစ္စအဝဝများအတွက် ဝေဖန်အကြံပြုချက်များ ပေးပိုနိုင်တယ်” လို့ ယတြာခေါင်းလောင်းထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက ဆိုပါတယ်။

ယတြာခေါင်းလောင်းနဲ့ပတ်သက်ပြီး အပြုသဘောဆောင် ဝေဖန်အကြုံပြုလိုပါက အီးမေးလ်- arakanidp@163.com နဲ့ တယ်လီဂရမ်- @BELLINFO2026 တို့ကတဆင့် ဆက်သွယ်ပေးပို့နိုင်တယ်လိုလည်း သိရပါတယ်။

အဆိုပါ ခေါင်းလောင်းမှာ လောကီဆိုင်ရာ အစီအမံဖြင့် ပြုလုပ်ထားတဲ့ အင်းကွက်များပါရှိပြီး အပေါ်ပိုင်းမှာ အင်းကွက်ကြီး (၈) ကွက်နဲ့ အောက်တွင် အင်းကွက်သေး (၃၈) ကွက်တို့ကို ပါဠိသက္ကတအပြင် ရက္ခိုင်ဘာသာတို့ဖြင့် စီမံအင်း ချထားခြင်း ဖြစ်ပါတယ်။ အင်းကွက်များမှာ သက်ဆိုင်ရာ တိုင်းပြည်များရဲ့ နက္ခတ်နဲ့ ဂါထာမန္တာန်၊ ကိန်းဂဏန်းများကို ရေးသားထားကြောင်း၊ ရန်သူနိုင်ငံတခုခုက ကျူးကျော်၀င်ရောက်လာပါက ယင်းနိုင်ငံနဲ့ သက်ဆိုင်သော အင်းကွက်နေရာကို အချိန်နာရီ ဂြိုဟ်နက္ခတ် သွားလာမှုကို ကြည့်ပြီး နေ့၊ နာမ် ကိုက်ညီသူက တီးခေါက်ရပြီး ခေါင်းလောင်းရဲ့ အသံကြောင့် ရန်သူစစ်တပ်ပျက်စီးပြီး ပြေးရကြောင်း ရက္ခိုင်ပြည်သမိုင်းများကို ရေးသား‌လေ့ရှိတဲ့ ဆရာထွန်းရွှေခိုင် (မဟာဝိဇ္ဇာ) ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ