အာရက္ခတိုင်းမ်စ် (၁၄ ဇန်နဝါရီ ၂၀၂၆)
စက်စက်ယိုကျေးရွာတိုက်ပွဲတွင် ပါဝင်ခဲ့တဲ့ ဗျူဟာ-၂၉ ခွဲမှူး ကျဆုံးခဲ့ခြင်းအတွက် MPCC က ဇန်နဝါရီ ၁၃ ရက်၊ ညပိုင်းမှာ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပိုခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့၊ စက်စက်ယိုကျေးရွာရဲ့ မြောက်ဖက် စောပြာကျေးရွာအနီးတွင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ရက်နေ့မှာ အာရက္ခတပ်တော် (AA) အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာတော့ စက်စက်ယိုကျေးရွာကို စကမက လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲမှာ Myanmar Police CDM Channel – MPCC ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ မောင်ဇွဲသူရကိုကို (ခ) မောင်ဖြူဖွေးလည်း ပါဝင်ခဲ့ပါတယ်။ သူဟာ အာရက္ခတပ်တော် AA နဲ့ ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၂၉) ရေသရဲတပ်ခွဲတို့ ပူးပေါင်းခဲ့တဲ့ တိုက်ပွဲမှာ ဗျူဟာ-၂၉ ခွဲမှူးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေစဉ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ရက်မှာ မြင့်မြတ်စွာ ကျဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မောင်ဇွဲသူရကိုကို (ခ) မောင်ဖြူဖွေး ကျဆုံးစဉ်မှာ အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်ပြီး အခုလို မြင့်မြတ်စွာ ကျဆုံးခဲ့တဲ့အတွက် Myanmar Police CDM Channel – MPCC ကော်မတီနဲ့ အဖွဲသားများက ကောင်းရာသုဂတိလားပါစေလိုကြောင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။