စစ်ရှောင်ကလေးနဲ့ သက်ကြီးရွယ်အိုအတွက် အထောက်အပံ့များ လိုအပ်

အာရက္ခတိုင်းမ်စ် (၂၂ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်ရှိ စစ်ရှောင်ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အထောက်အပံ့များ လိုအပ်နေဆဲဖြစ်တယ်လို့ Arakan Responders for Emergency ရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အစား၊ ခြင်ထောင်၊ စောင် အစရှိတာတွေအပါအဝင် တခြားသော တကိုယ်ရည်လိုအပ်တာတွေကို ပရဟိတအသင်းအဖွဲ့တွေနဲ့ အလှုရှင်တွေက စုပေါင်းပြီး လှူဒါန်းပေးလျက် ရှိပါတယ်။

ဒီလို လှူဒါန်းကူညီမှုတွေ ပြုလုပ်ပေးနေပေမယ့်လည်း ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ လိုအပ်ချက် သီးသန့်ကိုတော့ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

“ ဟုတ်ကဲ့ပါ။ ကျနော်တို့ စစ်ဘေးရှောင်တွေကို ကူညီမယ်လို့ စဉ်းစားလိုက်တာနဲ့ ဘာလဲဆိုတော့ လူဦးရေ ဘယ်လောက်ရှိတယ် ပြီးတော့ ဆန်ဘယ်လောက် ပေးရမယ်။ ဆီဘယ်လောက် ပေးရမယ်။ အဲ့ဒါကိုပဲ များသောအားဖြင့် စဉ်းစားဖြစ်တာ များပါတယ်။ အဆောက်အဦတွေ ဆောက်ပေးမယ်။ ရေတွေ ဘယ်လောက်လိုတယ် အဲဒါကိုပဲ စဉ်းစားဖြစ်တာ များတယ် ကျနော်တို့ ကလေးသူငယ်တွေ ပြီးတော့ သက်ကြီးရွယ်အိုတွေကို ဘယ်လောက် ထောက်ပံ့မယ်၊ ဘာတွေ လုပ်ပေးမယ် ဆိုတာမျိုးတော့ များသောအားဖြင့် မစဉ်းစားမိပါဘူး။ ကျနော်တို့ အဖွဲတွေကိုယ်တိုင်ကလည်း အဲ့ဒီလို စဉ်းစားမိတာ ရှားပါတယ်။ အမှန်တကယ်ကတော့ တခြားလူတွေလိုပဲ ကလေးတွေရော သက်ကြီးရွယ်အိုတွေရော ထောက်ပံ့ဖို့အတွက် ကူညီဖို့အတွက် အများကြီး လိုနေပါတယ်။ ကျနော်တို့ရောက်တဲ့ တချို့စခန်းတွေမှာဆိုရင် ကျနော်တို့ တတ်နိုင်သလောက်ပေါ့နော်။သက်ကြီးရွယ်အိုတွေ တွေ့လိုရှိရင် အသက် ၈၀ ကျော် အဖိုးအဖွားတွေကို ပိုက်ဆံလေးတွေ ထောက်ပံ့ပေးခဲ့တာ ရှိတယ်။ ဒါပေမယ့် ကလေးတွေအတွက်တော့ ကျနော်တို့ ဘာမှ အများကြီး လုပ်ပေးနိုင်တာတော့ မရှိသေးဘူး။ တခါတလေ ကျနော်တို့ စခန်းတွေသွားရင် ကလေးတွေအတွက် သကြားလုံးလေးတွေ ယူသွားပေးတယ်။ မုန့်လေးတွေ ယူသွားပေးတယ်။ အဲဒါလောက်ပဲ လုပ်ပေးနိုင်တာ ရှိပါသေးတယ်။ သိပ်အများကြီးတော့ ကလေးတွေအတွက် လုပ်ပေးနိုင်တာ မရှိပါဘူး။ ကလေးတွေကို စိတ်ပျော်ရွှင်ဖို့ ကလေးတွေ သက်တောင့်သက်သာ ဖြစ်စေဖို့ လုပ်ပေးဖို့အတွက်တော့ အများကြီး လိုနေပါသေးတယ်” လို့ အဆိုပါ တာဝန်ရှိသူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မြန်မာ့လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းဟာ ၂၀၂၆ ခုနှစ်မှာ ဆက်လက် ဆိုးရွားနေမှာဖြစ်ပြီး မြန်မာနိုင်ငံရှိ (ကလေးသူငယ် ၅ သန်း အပါအဝင်) လူဦးရေ ၁၆ သန်းကျော်ဟာ လူမှုဘဝ ကယ်ဆယ်ရေး လူသားချင်း စာနာမှုဆိုင်ရာအကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်နေမှာ ဖြစ်တယ်လို့ UN Myanmar က ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှာ အသိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ‌တွေနဲ့ ဘေးအန္တရာယ်တွေကြောင့် ခန့်မှန်း လူဦးရေ ၃ ဒသမ ၆ သန်း ခန့်ဟာ အိုးအိမ်စွန့်ခွာ နေကြရတယ်လို့ အဆိုပါ ထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ