ကျောက်ဖြူတွင် စကမ ဗုံးကြဲလို့ ၂ ဦးသေ၊ လသားကလေးပါ ၅ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၄ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ကို စစ်ကော်မရှင်က ဇန်နဝါရီလ ၂၄ ရက် နေ့လည် ၁ နာရီခန့်က ဒရုန်းနဲ့ လာရောက်ဗုံးကြဲချခဲ့လို့ အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး လသားကလေးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ စစ်ရှောင်တွေ နေထိုင်နေကြတဲ့ မူရွင်းရွာ စာသင်ကျောင်းကို အသေခံဒရုန်းနဲ့ ဗုံးလာကြဲတာ။ စစ်ရှောင် ၂ ဦး သေတယ်။ ၅ ဦး ဒဏ်ရာရထားတယ်” လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ အသေခံဒရုန်းနဲ့ ဗုံးလာကြဲမှုကြောင့် သေဆုံးသွားသူမှာ သိုင်းချောင်းရွာမှ စစ်ရှောင်လာနေသူ အသက် ၈၁ နှစ်အရွယ် ဒေါ်ဖြူနုမ နဲ့ အသက် ၅၆ နှစ်အရွယ် ဦးမှဲဒေါင်းတို့ပဲ ဖြစ်ပါတယ်။

အလားတူ ထိခိုက်ဒဏ်ရာ ရရှိသွားသူတွေကတော့ စိုင်ခြုံဒွိန်ရွာက စစ်ရှောင်လာနေသူ အသက် ၉ လသားအရွယ် မောင်အေးမင်းခိုင်၊ အသက် ၃၄ နှစ်အရွယ် ဒေါ်ခင်ဆန်းဝင်း၊ သိုင်းချောင်းရွာက စစ်ဘေးရှောင်လာနေသူ အသက် ၅၆ နှစ်အရွယ် ဒေါ်မမြရင်၊ ဇိုင်ချောင်းရွာမှာ စစ်ဘေးရှောင်လာနေသူ အသက် ၆၇ နှစ်အရွယ် ဒေါ်ဘနုမ နဲ့ အသက် ၆၃ နှစ်အရွယ် ဦးမောင်ကျော်တို့ပဲ ဖြစ်ပါတယ်။

အလားတူ ဇန်နဝါရီလ ၂၂ ရက်ကလည်း ကျောက်ဖြူမြို့နယ် ကုန်းဘောင်ကြီးရွာကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ လာရောက်ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ