ရက္ခိုင်ပြည်က မြို့နယ် ၁၄ ခုကို ရက်ပေါင်း (၉၀) ကြာ စစ်အုပ်ချုပ်ရေး ထပ်မံသတ်မှတ်

အာရက္ခတိုင်းမ်စ်(၃၀ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်ရှိ မြို့နယ် ၁၄ ခုကို ရက်ပေါင်း (၉၀) ကြာအထိ စစ်အုပ်ချုပ်ရေး ထပ်မံသတ်မှတ်လိုက်တယ်လို့ စစ်ကော်မရှင်က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခဲ့တဲ့ တိုင်းဒေသကြီး သုံးခု နဲ့ ပြည်နယ် ခြောက်ခုတို့ရှိ မြို့နယ်ပေါင်း (၆၃) မြို့နယ်ကို မနေ့က ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက် ကစပြီး ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်တယ်လို့ ထပ်မံ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ မြို့နယ်တွေအနက် ရက္ခိုင်ပြည်ရှိ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း နဲ့ တောင်ကုတ်မြို့နယ်တို့ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

ရက္ခိုင်ပြည်အပြင် ကချင်ပြည်နယ်ရှိ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ၊ ကယားပြည်နယ်ရှိ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ချင်းပြည်နယ်ရှိ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း၊ ရှမ်းပြည်နယ်ရှိ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလားတို့လည်း ပါဝင်ပါတယ်။

တိုင်းဒေသအနေနဲ့ စစ်ကိုင်းတိုင်းရှိ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်၊ မကွေးတိုင်းရှိ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို နဲ့ မန္တလေးတိုင်းရှိ မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန်တို့ ပါဝင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ စကော်မရှင်ရဲ့အာဏာပိုင်အဖွ့်အစည်းများဟာ ၎င်းတို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာ တိုင်းမှူးရဲ့ကွပ်ကဲမှုအရ ဆောင်ရွက်ရမှာဖြစ်ပြီး စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေသတ်မှတ်ပြီး စစ်နယ်မြေမှူး‌လည်း ခန့်အပ်နိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ တိုင်းမှူး ကိုယ်တိုင်သော်လည်းကောင်း ၊ တိုင်းမှူးကတာဝန်လွှဲအပ်ထား‌တဲ့ ပုဂ္ဂိုလ်တဦးဦး သို့မဟုတ်အဖွဲ့ဖြင့်သော်လည်းကောင်း အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး ကိစ္စတွေကိုလည်း လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ပြစ်ဒဏ်ချမှတ်ခြင်းအနေနဲ့ သေဒဏ် ၊ နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ ထောင်ဒဏ် ၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကိုလည်း ချမှတ်နိုင်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Related posts

မီးလောင်မြေသို့ သွားရောက်ခြင်း

မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား