မြောက်ဦးဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရန် မောင်တောမူဆလင်ပြည်သူများ သိန်း ၅၀၀ လှူဒါန်း

အာရက္ခတိုင်းမ်စ် (၉ ဖေဖော်ဝါရီ ၂၀၂၆)

စစ်ကော်မရှင် ဗုံးကြဲခဲ့လို့ ရက္ခိုင်ပြည် မြောက်ဦးဆေးရုံ ပျက်စီးခဲ့ရပြီး အဆိုပါ ဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မောင်တော်ခရိုင်နေ မူဆလင်ပြည်သူများက စုပေါင်းအလှူငွေ သိန်း ၅၀၀ ကျပ်ကို ဖေဖော်ဝါရီလ ၈ ရက်က လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အလှူငွေ ပေးအပ်လှူဒါန်းပွဲကို မြောက်ဦးခရိုင် အုပ်ချုပ်ရေးဌာနအကြီးအကဲများ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူများ၊ မောင်တောခရိုင် မူဆလင်ဘာသာရေးခေါင်းဆောင်များ၊ မောင်တောခရိုင်ဂျူရီလူကြီးများ၊ ဒေသခံမူဆလင်ဘာသာရေးခေါင်းဆောင်များနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“ ကျနော်တို့ ဘူးသီးတောင် မောင်တောက လူနာတွေလည်း မြောက်ဦးကိုလာလို့ ကုသနေကြတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ အဲလို ဆေးရုံကြီးတခု၊ ဘာသာပေါင်းစုံ ဆေးကုသနေကြတဲ့ ဆေးရုံပြီးတခုကို ရက်ရက်စက်စက် ဖျက်ဆီးလိုက်တယ်။ ပြည်သူတွေကလည်း ရင်နာရပါတယ်။ ကျနော်တို့လည်း ဝိုင်းလို့ပြောတဲ့အခါ ပူးပေါင်းပါဝင်လိုစိတ် ပေါ်လာတယ်။ လှူလည်း လှူကြပါတယ်”  လို့ အဆိုပါ အခမ်းအနားကို တက်ရောက်လာတဲ့ မောင်တောခရိုင် ဂျူရီလူကြီးအဖွဲ့ဝင် ဆရာဘာရ်ဆဲက ပြောပါတယ်။

မြောက်ဦးဆေးရုံ ပြန်လည်တည်ဆောက် လည်ပတ်နိုင်ရေးအတွက် မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့မှ မူဆလင်ဘာသာရေးခေါင်းဆောင်တွေအနေနဲ့လည်း အလှူငွေများ ပေးအပ်နိုင်ရန် စီစဉ်နေကြတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည် မြောက်ဦးဆေးရုံကို စစ်ကော်မရှင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်အပါအဝင် ပြည်သူ ၃၃ ဦး သေဆုံးခဲ့ပြီး ရ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Ref & Photo – APM

Related posts

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ကပစ ၁၆နဲ့ ၃ မိုင်ကွာထိ ရောက်ရှိလာ

သံတွဲမြို့ရှိ စစ်ဘေးရှောင် ၅ ရာကျော်အတွက် ဆန်အိတ်လှူဒါန်း

တောင်ကုတ်တွင် နယ်လှည့် အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့