■ ထရမ့်ဂယက်နဲ့ ကမ္ဘာ့အစီအစဉ်သစ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သူ့ရဲ့ ပထမသက်တမ်းတုန်းက ဂရင်းလန်းကျွန်းကို ဝယ်ဖို့ စိတ်ကူးရှိတယ်လို့ ပြောလိုက်တော့ တကမ္ဘာလုံးဟာ မယုံနိုင်သလို ဖြစ်သွားကြတယ်။ ဒါကြီးက ပေါက်ပေါက်ရှာရှာ၊ မဖြစ်နိုင်တဲ့ ကိစ္စ၊ အိမ်ခြံမြေ အရောင်းအဝယ် အရေခြုံထားတဲ့ နယ်ချဲ့အိပ်မက်တခု စသဖြင့် မြင်ခဲ့ကြတာကိုး။ ဒါပေမဲ့ ဂရင်းလန်းဟာ တကယ်လည်း အရေးပါနေတာ အမှန်ပါပဲ။ ဒီကျွန်းရဲ့ အနေအထားက ဝေးဝေးလံလံ ဒေသတွေအထိ ရိုက်ခတ်မှု အများကြီး ရှိလာနိုင်ပါတယ်။

ကမ္ဘာ့အကြီးဆုံးကျွန်းကို အခုလို တကျော့ပြန် အာရုံကျလာကြတာဟာ  ကမ္ဘာကြီးအနေနဲ့ အမေရိကန်၊ ရုရှားနဲ့ တရုတ် ဆိုတဲ့ ဩဇာနယ်ပယ်သုံးခုကို ဗဟိုပြုပြီး ပေါင်းဆုံလာနေပြီ ဆိုတဲ့အမြင်ကို ထင်ဟပ်နေတာပါ။ ဒါကို ထရမ့်ရဲ့ အရှက်မဲ့တဲ့ ပထဝီနိုင်ငံရေးအမြင်လို့ ယူဆပြီး နှာခေါင်းရှုံ့ကြသူတွေလည်း ရှိရဲ့။ ဒါပေမဲ့ စိုးရိမ်ဖွယ်ရာ အမှန်တရားတခုတော့ ရှိပါတယ်။ ဒါဟာ ထရန့်တယောက်တည်းရဲ့ အမြင်မဟုတ်သလို လုံးလုံး အဓိပ္ပာယ်မဲ့နေတာမျိုးလည်း မဟုတ်ဘူး ဆိုတာပါပဲ။

စစ်အေးတိုက်ပွဲလွန်ခေတ်ကြီး နောက်ပြန်ဆုတ်သွားတာနဲ့အမျှ ဒေသအလိုက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အစီအစဉ်သစ်က ရှေ့တိုးနေရာယူလာတယ်။ အင်အားကြီးနိုင်ငံတွေက သူတို့ရဲ့ အိမ်နီးချင်းတွေကို ပုံသွင်းဖို့ ကြိုးစားတာဟာ ရည်မှန်းချက်ကြောင့်တင် မဟုတ်ဘဲ အကန့်အသတ်တွေ ရှိနေလို့လည်း ပါပါတယ်။ ကိုယ့်ရဲ့ ဩဇာကို လက်တံရှည်ရှည် ဆန့်ထုတ်လေလေ၊ ပထဝီဝင်အနေအထားနဲ့ ပြည်တွင်းစွမ်းဆောင်ရည် ဒါမှမဟုတ် ပြိုင်ဘက်တွေရဲ့ ခုခံမှုတွေက ပိုပြီး အရေးပါလာလေလေပါပဲ။ ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့ဟာ နျူကလီးယားလက်နက်ပိုင်ရှင် အင်အားကြီးနိုင်ငံတွေဖြစ်ပြီး သူတို့ဒေသမှာ အကြီးဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံတွေမှာလည်း  သူတို့အစိုးရတွေ ကျော်လွန်လို့မရတဲ့ အကန့်အသတ်တွေ ရှိနေကြပြန်ပါတယ်။

အရင်းကြီးတဲ့ ရုရှားနည်းနာ

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးကတည်းက ရုရှားအစိုးရဟာ နယ်မြေထိန်းချုပ်တာ၊ စစ်ရေးနဲ့ တခြားနည်းလမ်းတွေ ရောနှောသုံးတာနဲ့ စီးပွားရေးအရ ဖိအားပေးတာတွေကတဆင့် အိမ်နီးချင်းတွေအပေါ် ဩဇာပြန်လွှမ်းဖို့ ကြိုးစားခဲ့တယ်။ ဘီလာရုစ်နိုင်ငံကိုပဲ ကြည့်ပါ။ ဒီနိုင်ငံဟာ စွမ်းအင်နဲ့ လုံခြုံရေးပိုင်းမှာ ရုရှားအပေါ် မှီခိုနေရတာ ကြာပါပြီ။ တရားဝင် အသိမ်းမခံရသေးတာပဲ ရှိတာ။ သူ့ရဲ့ အချုပ်အခြာအာဏာကို လက်လွှတ်လိုက်ရသလို ဖြစ်နေပါပြီ။

ရုရှားဟာ မော်လ်ဒိုဗာနဲ့ ဂျော်ဂျီယာက ခွဲထွက်ရေးသမားတွေကိုလည်း ထောက်ခံပေးတယ်။ အာဖရိကက အာဏာရှင်အစိုးရတွေကို ကူညီပေးတယ်။ ၂၀၁၄ မှာ ခရိုင်းမီးယားကို သိမ်းတယ်။ ရှစ်နှစ်အကြာမှာတော့ ယူကရိန်းကို အင်အားပြည့် ကျူးကျော်စစ် ဆင်နွှဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီကြိုးပမ်းမှုတွေက အရင်းအနှီး အရမ်းများပြီး အပြတ်အသတ် အောင်မြင်ဖို့က ခက်ခဲနေဆဲပါ။ ဒါက ရုရှားရဲ့ အိမ်နီးချင်း ဥရောပနိုင်ငံငယ်လေးတွေအတွက် အရမ်းကြီး စိတ်သက်သာရာရစရာ မဟုတ်ပေမဲ့ ရုရှားရဲ့ ဩဇာလွှမ်းမိုးမှုမှာ အကန့်အသတ် ရှိတယ်ဆိုတာကို ပြနေတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ လက်မဲကြီး

ကမ္ဘာမှာ စီးပွားရေးအင်အား ဒုတိယ အကြီးဆုံးဖြစ်တဲ့ တရုတ်ကတော့ စစ်ရေးထက် စီးပွားရေးနည်းလမ်းကို ပိုသုံးသလို ရုရှားထက်တောင် ပိုပြီး ကမ္ဘာအနှံ့ ခြေဆန့်နိုင်ပုံ ပေါ်ပါတယ်။ သူက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားယူပြီး ပထဝီနိုင်ငံရေးအရ အကျိုးအမြတ် ရယူတာပါ။ ဥပမာ တရုတ်ရဲ့ အကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှုကို အကြီးအကျယ် မှီခိုနေရတဲ့ ကမ္ဘောဒီးယားဟာ ၂၀၁၂ နဲ့ ၂၀၁၆ တုန်းက တောင်တရုတ်ပင်လယ်ကိစ္စ တရုတ်ကို ဝေဖန်ဖို့ ကြိုးစားတဲ့ အာဆီယံရဲ့ လုပ်ဆောင်ချက်တွေကို အကြိမ်ကြိမ် ပိတ်ပင်ခဲ့ဖူးတယ်။ အလားတူပဲ တရုတ်နိုင်ငံပိုင် ကုမ္ပဏီ COSCO က ဂရိနိုင်ငံရဲ့ ပါရေးယပ် (Piraeus) ဆိပ်ကမ်းမှာ ရှယ်ယာအများစုကို ၂၀၁၆ မှာ ဝယ်ပြီးတဲ့နောက် ဂရိနိုင်ငံဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တရုတ်ကို ဝေဖန်မယ့် ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ ဩဇာမှာလည်း အကန့်အသတ် ရှိပါတယ်။ နိုင်ငံရပ်ခြား အခြေခံအဆောက်အဦတွေအတွက် ငွေထုတ်ပေးတဲ့ ရပ်ဝန်းနဲ့လမ်း စီမံကိန်း (Belt and Road Initiative) ကြောင့် ကြွေးမြီပြဿနာတွေ တက်လာပြီး နိုင်ငံရေးအရ ကန့်ကွက်မှုတွေ ကြုံနေရတယ်။ ဒါ့အပြင် တရုတ်ဟာ ပြည်တွင်းမှာလည်း စီးပွားရေးနှေးကွေးတာ၊ လူဦးရေ လျော့နည်းလာတာနဲ့ စီးပွားရေးဆိုင်ရာ အားနည်းချက်တွေလို စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ ရုရှားလိုပဲ သူလည်း သူ့အိမ်နီးချင်း ပတ်ဝန်းကျင်ထက်ကျော်ပြီး အင်အားပြဖို့ဆိုတာ အကန့်အသတ် ရှိနေပါတယ်။

တကိုယ်တော်ဟီရိုး အမေရိကန်

အမေရိကနိုင်ငံတွေအပေါ် ထရမ့်အစိုးရရဲ့ လောလောလတ်လတ် ပါဝင်စွက်ဖက်မှုတွေကို အများက အတိတ်ကာလ အမေရိကန် နိုင်ငံခြားရေးမူဝါဒကနေ သွေဖီသွားခြင်းအဖြစ် မြင်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒါဟာ ထရမ့်ရဲ့ စရိုက်ကြောင့်တင်မဟုတ်ဘဲ အခြေခံအဆောက်အဦပိုင်းဆိုင်ရာ မက်လုံးတွေကြောင့်လည်း ပါပါတယ်။ ရှေ့က သမ္မတတွေဟာ ပိုပြီး နူးညံ့တဲ့ စကားလုံးတွေ၊ စနစ်ကျတဲ့ သံတမန်နည်းလမ်းတွေ သုံးခဲ့ပေမဲ့ ပန်းတိုင်ကတော့ အတူတူပါပဲ။ အကန့်အသတ်တွေကလည်း အတူတူပဲ ဖြစ်ပါတယ်။

ဥပမာ တခု ကြည့်ရအောင်ပါ။ ၂၀၂၁ ကနေ ၂၀၂၄ အတွင်း အမေရိကန် နယ်စပ်မှာ တရားမဝင် ဝင်ရောက်သူ ၇ သန်းလောက်ကို တားဆီးနိုင်ခဲ့တယ်။ အမေရိကန်မှာ သုံးစွဲနေတဲ့ ဟီးရိုးအင်း ၈၆ ရာခိုင်နှုန်းနဲ့ ကိုကင်း ၉၃ ရာခိုင်နှုန်းဟာ မက္ကဆီကိုကနေ ဝင်လာတာပါ။ အကောင်းဆုံးကတော့ အမေရိကန် ပြည်တွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုကို လျှော့ချဖို့ လုပ်ရမယ်၊ မူးယစ်ဆေး ထွက်ရှိတဲ့ နိုင်ငံတွေကို လုံခြုံမှု ပိုရှိအောင်၊ ပိုမိုသာယာဝပြောအောင် လုပ်ပေးခြင်းအားဖြင့် ကိုယ့်နိုင်ငံထဲကို လူတွေ ရွှေ့ပြောင်းဝင်ရောက်မှုကို လျှော့ချနိုင်အောင် လုပ်ရမှာပါ။ ဒါပေမဲ့ အဲဒါတွေ ဖြစ်မလာဘူး။ တရားမဝင် မူးယစ်ဆေးသုံးစွဲမှုက အမြစ်တွယ်နေတုန်းပဲ။ တဖက်နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုအတွက် စေတနာပါတဲ့ အကူအညီတွေ ဆိုတာကလည်း မျိုးဆက်နဲ့ချီပြီး စောင့်ရမယ့် ကိစ္စတွေ ဖြစ်နေပါတယ်။

ဒါတွေလုပ်မယ့်အစား အမေရိကန်ဟာ (ဒီမိုကရက်ရော ရီပတ်ဘလီကန် သမ္မတတွေပါ) လူနဲ့ ကုန်စည်တွေ စီးဝင်လာတာကို တားဆီးဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေကို ဖိအားပေးတဲ့နည်းကိုပဲ သုံးခဲ့တယ်။ အထူးသဖြင့် မက္ကဆီကို နိုင်ငံကို။

သမ္မတ အိုဘားမားက မိတ်ဖက် ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အသံတိတ် သံတမန်နည်းလမ်းနဲ့ နယ်စပ်ထိန်းချုပ်ရေးကို တိုးမြှင့်ခဲ့တယ်။ ထရမ့်ကတော့ အော်ကြီးဟစ်ကျယ် ထိပ်တိုက်တွေ့တဲ့ နည်းလမ်းကို သုံးတယ်။ အခွန်နဲ့ ခြိမ်းခြောက်ပြီး သူဖြစ်ချင်တာကို အတင်းအကျပ် လုပ်ခိုင်းတယ်။ လုပ်ပုံကိုင်ပုံ စတိုင်ချင်း ကွာပေမဲ့ အမေရိကန် အကျိုးစီးပွားအတွက် အိမ်နီးချင်းတွေရဲ့ မူဝါဒကို ပုံဖော်ချင်တဲ့ ပန်းတိုင်ကတော့ အတူတူပါပဲ။

တကျော့ပြန် အသက်ဝင်လာတဲ့ ဂရင်းလန်းနဲ့ အာတိတ်ဒေသ

ဒီနေရာမှာ ဂရင်းလန်းကိစ္စကို ပြန်ကြည့်ရအောင်။ ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေအပေါ် ဒေါသူပုန်ထကြတာကို နားလည်နိုင်ပေမဲ့ ထိတ်လန့်အံ့သြနေကြတာကတော့ နည်းနည်း နုံတယ်လို့ ပြောရမလားပဲ။ အမေရိကန်က ဂရင်းလန်းကို မျက်စိကျတာ၊ အာတိတ်ဒေသမှာ ထင်သလို ခြယ်လှယ်ခွင့်လိုချင်တာဟာ ဒီတစ်ကြိမ်က ပထမဆုံးမှ မဟုတ်ပဲကို။ ဒီကျွန်းကို ၁၉ ရာစုကတည်းက ဝယ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒုတိယကမ္ဘာစစ်တုန်းက သိမ်းထားခဲ့ဖူးတယ်။ ၁၉၄၆ မှာ အပြတ်ဝယ်ဖို့ ကမ်းလှမ်းခဲ့ဖူးသလို စစ်တပ်ရှိနေတာကိုလည်း ရုပ်သိမ်းဖို့ ငြင်းဆန်ခဲ့တယ်။

ဒါ့အပြင် အမေရိကန်ဟာ အာတိတ်ဒေသမှာ သူတဦးတည်း ဆုံးဖြတ်နိုင်ခွင့်ရှိဖို့အတွက် ၁၉၅၁ မှာ ဒိန်းမတ်နဲ့ ချုပ်ထားတဲ့ သဘောတူညီချက်တွေကိုတောင် ကျော်လွန်ပြီး “ Project Iceworm” လို့ခေါ်တဲ့ ရေခဲပြင်အောက်မှာ နျူကလီးယား ဒုံးကျည်တွေ ထားမယ့်စီမံကိန်း လိုမျိုးတွေတောင် လုပ်ဖို့ ကြိုးစားခဲ့တာလေ။ အလားတူပဲ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်တဲ့ အနောက်မြောက်လမ်းကြောင်း (Northwest Passage) ကို နိုင်ငံတကာ ရေလမ်းကြောင်းအဖြစ် သတ်မှတ်ဖို့ ကြိုးစားတဲ့အတွက်လည်း ကနေဒါနဲ့တောင် သံတမန်ရေး ပြဿနာတက်ခဲ့ဖူးပါတယ်။ ကနေဒါက ဒီလမ်းကြောင်းဟာ သူတို့ရဲ့ ပြည်တွင်းရေပိုင်နက်လို့ ပြောထားတာပါ။

စစ်အေးတိုက်ပွဲအပြီးမှာ အာတိတ်ဒေသ မဟာမိတ်တွေနဲ့ အမေရိကန်အကြား တင်းမာမှုတွေ လျော့ပါးသွားပါတယ်။ ဒါပေမဲ့ အခု ရေခဲတွေ အရည်ပျော်ပြီး အာတိတ်မှာ ပင်လယ်ရေလမ်းကြောင်း အသစ်တွေ ပွင့်လာတာ၊ ပထဝီနိုင်ငံရေး အားပြိုင်မှုတွေ ပြန်ပြင်းထန်လာတာတွေကြောင့် ဂရင်းလန်းရဲ့ ဗျူဟာမြောက် တန်ဖိုးက ပြန်တက်လာပါတယ်။ ဒီတော့လည်း ပြဿနာတွေ ပြန်ဖြစ်လာတာ မဆန်းတော့ဘူးပေါ့လေ။

ရုရှားက အာတိတ်မှာ ခြေကုပ်ယူထားပါပြီ။ တရုတ်ကလည်း သုတေသနလုပ်ငန်းတွေ၊ ရေခဲခွဲသင်္ဘောတွေ၊ အာတိတ်မှာ အသုံးချနိုင်မယ့် နည်းပညာတွေ၊ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကနေတဆင့် အခြေခံအုတ်မြစ် ချနေပါပြီ။

ထရမ့်ရဲ့ လုပ်ရပ်တွေက ရန်လိုတဲ့ ပုံစံပေါက်ပေမဲ့ နောက်ကွယ်က စိတ်ရင်းဆန္ဒကတော့ အရင်အတိုင်းပါပဲ။ အမေရိကန်ရဲ့ ဩဇာ ရှိနေဖို့၊ တဘက်သတ် ဆုံးဖြတ်ပိုင်ခွင့် ရှိဖို့၊ ပြိုင်ဘက်တွေကို ပိတ်ဆို့ဖို့နဲ့ ဗျူဟာမြောက် နေရာတွေကို ထိန်းချုပ်ဖို့ပါပဲ။ တခြား သမ္မတတယောက်ဆိုရင်တော့ ပိုပြီး ငြိမ်သက်တဲ့ သံတမန်နည်းလမ်းကို သုံးကောင်းသုံးပါလိမ့်မယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ဗျူဟာမြောက် အကျိုးစီးပွားတွေကို ကာကွယ်ရေးအတွက် ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်ပိုင်ခွင့်ကို အမြင့်ဆုံးမြှင့်တင်ချင်တဲ့ ပန်းတိုင်ကတော့ ဘယ်သမ္မတဖြစ်ဖြစ် အတူတူနေမှာပါပဲ။

ပထဝီအနေအထား၊ လုံခြုံရေးနဲ့ စီးပွားရေး အခြေအနေတွေကြောင့် ကမ္ဘာကြီးဟာ ပြိုင်ဘက် ဩဇာနယ်ပယ် သုံးခုအဖြစ် ပြန်ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ အင်အားဆိုရာမှာလည်း အကန့်အသတ် ရှိပါတယ်။ ရုရှားရဲ့ နယ်မြေချဲ့ထွင်မှုဟာ အရင်းအနှီး သိပ်များပြီး အခန့်မသင့်ရင် ပျက်စီးမှုနဲ့ တိုးနိုင်ပါတယ်။ တရုတ်မှာလည်း ပြည်တွင်း ပြဿနာတွေ ရှိနေတယ်။ အမေရိကန်က အမေရိကတိုက်တွေဘက်ကို ခြေဦးလှည့်လာတာဟာလည်း အနီးအနားမှာ အားကောင်းတဲ့ မဟာမိတ်တွေ ရှိမနေရင် ကမ္ဘာ့အလယ်မှာ စူပါပါဝါအဖြစ် ရပ်တည်ဖို့ မလွယ်တော့ဘူးဆိုတာကို အသိအမှတ်ပြုလိုက်တာ ဖြစ်နိုင်ပါတယ်။

ထရန့်ကိုပဲ အာရုံစိုက်နေရင် ပုံရိပ်အစစ်ကို မျက်စိလျှမ်းသွားပါလိမ့်မယ်။ လူပုဂ္ဂိုလ်တွေရဲ့ စရိုက်ထက် အခြေခံအဆောက်အဦပိုင်းဆိုင်ရာ အားပြိုင်မှုတွေကမှ ပထဝီနိုင်ငံရေး အပြောင်းအလဲတွေကို မောင်းနှင်နေတာ ဖြစ်ပါတယ်။ ဒါကို နားလည်သဘောပေါက်မှသာ အပေးအယူ လုပ်စရာ နေရာရှာတွေ့မှာ၊ နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုအတွက် လိုအပ်တဲ့ မဟာမိတ်တွေ အသစ်ပြန်လည် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ရာဗီချန်ဒရာကူးမား

Project Syndicate ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ The New Global Order ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။ ဆောင်းပါးရှင် နန်စီချန်းဟာ တရုတ်ပြည်ဖွား အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်ပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ်က North Western တက္ကသိုလ်မှာ စီးပွားရေးပညာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသလို အီတလီအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Einaudi Institute for Economics and Finance မှာလည်း ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်နေပါတယ်။ မူရင်းသရုပ်ဖော်ပုံ – Politico

Related posts

ရက္ခိုင်မှာ ဗိုလ်ချုပ်က သံတမန်ရေးကျွမ်းကျင်တဲ့အတွက် စိတ်ပူစရာမလိုလို့ ပြော

မြောက်ဦးဆေးရုံ ပြန်လည်ထူထောင်ရေးအတွက် ဂျပန်ယန်း သောင်း-၁၅၀ Arakan Union (Japan) လှူဒါန်း

စစ်အာဏာရှင်ကို တိုက်နေတဲ့အဖွဲ့အချင်းချင်း ပဋိပက္ခမဖြစ်ဖို့လို