အာရက္ခတိုင်းမ်စ် (၂၆ ဖေဖော်ဝါရီ ၂၀၂၆)
စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အခင်းအကျင်းမှာ သစ္စာဖောက်တယောက်ပေါ်ရုံနဲ့ ဘာမှမဖြစ်သွားဘူးလို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိကာလမှာ ပွင့်လင်းရာသီဖြစ်တဲ့အလျောက် KIA ရဲ့ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း အိမ်ခြံဝင်း တံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ရန်သူကို စောင့်ရမယ်လို့ ပြောဆိုခဲ့တဲ့အတွက် တိုက်ပွဲတွေ ပိုပြင်းထန်လာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကျမ ကြည့်တာတော့ အခုက ပွင့်လင်းရာသီလည်းဖြစ်တော့ တိုက်ပွဲတွေ ပိုပြင်းထန်လာမှာပါ။ ဟိုနေ့ကလည်း ဗိုလ်ချုပ်ဂွမ်မော် ပြောတာပဲ။ စစ်ကိုင်းဆိုတာ သူတို့ KIA ရဲ့ တံခါးပေါက်ပဲဖြစ်တဲ့အတွက် သူတို့ ဒီနေရာတွေကို ဂရုစိုက်မယ် ဘာမယ် ပြောထားတော့ ဒီနေရာတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးတရပ်မှာ ဒီလိုပဲ သူရဲကောင်းတွေ ပေါ်သလို သစ္စာဖောက်တွေလည်း ပေါ်တတ်တာပဲ။ ဒါကြောင့် ပြောလို့မရဘူး။ တကယ်တော့ သူရဲကောင်းတွေ အများကြီး လျှောက်ထားတဲ့လမ်းမှာ သစ္စာဖောက်တယောက်ပေါ်ရုံနဲ့တော့ ဒီတော်လှန်ရေးကြီးက ဘာမှ ဖြစ်မသွားဘူး။ နွေဦးတော်လှန်ရေးက အခုမှ ၄, ၅ နှစ်ပဲ ရှိသေးတာ။ ဒီစစ်အာဏာရှင်တိုက်ပွဲကို ကျမတို့ ပြည်သူတွေ တိုက်လာတာ နည်းတဲ့နှစ် မဟုတ်ဘူး။ အနှစ် ၆၀ ကျော်နေပြီ။ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့ကတည်းက စခဲ့တာ။ အဲဒီတော့ အဲဒီတိုက်ပွဲအတွင်းမှာ တော်လှန်ရေးဆိုတာ အတက်အကျ ရှိတတ်တယ်။ သို့သော်လည်း ကျမတို့ ပြည်သူတွေဟာ ပြတ်သားနေပြီ။ ပြည်သူလူထုက ဒီစစ်အာဏာရှင်စနစ် ရှိနေသရွေ့ တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ဘူး။ တိုင်းပြည်ငြိမ်းချမ်းမှာ မဟုတ်ဘူးဆိုတာ ရှိနေပြီးသား။ အဲဒါကို ကျမတို့ တော်လှန်ရေးသမားတွေက ပိုပြီးတော့ စည်းလုံးညီညွတ်စွာနဲ့ ဒီပြည်သူတွေရဲ့ စိတ်အားတက်ကြွမှု၊ ပြတ်သားမှုကို ပိုမိုကောင်းမွန်အောင်လုပ်ပြီး ကျမတို့ ဟန်ချက်ညီညီနဲ့ ရှေ့ဆက်သွားဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်က ဗိုလ်နဂါးနဲ့ မိသားစုဝင်တွေဟာ လက်နက်မျိုးစုံ ၆ လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်မှာ စစ်ကော်မရှင်ကို ဆက်သွယ်ပြီး ဝင်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီလ ၂၀ ရက်မှာ BNRA က ဒုတိယအဖွဲ့ ခေါင်းဆောင် အပါအဝင် ၅ ဦးတို့လည်း အလင်းဝင်လာတယ်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။
NUG ဘက်က တိုက်ခိုက်မှုတွေကို ကျော်လွှားဖို့ ခက်မယ့်အကြောင်း၊ မြို့နယ် ၇ ခုက BNRA စခန်းတွေကို NUG က အင်အားထောင်နဲ့ချီသုံးကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း ဗိုလ်နဂါးက လက်နက်မချခင် ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောဆိုထားတာ တွေ့ရပါတယ်။
နိုင်လင်း (ခ) ဗိုလ်နဂါးဟာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို အခြေစိုက်ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ပုလဲမြို့နယ်ထဲက ဦးနှောက်ရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ဗိုလ်နဂါးကို ရှာဖွေတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ဖူးတာပါ။
၂၀၂၂ ခုနှစ် အစောပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဖွဲ့စည်းပေးခဲ့တဲ့ တပ်မဟာ (၆၁၁) မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့အတူ ဗိုလ်နဂါးတပ်လည်း ပါဝင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာပဲ MRDA ကို BNRA အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီးနောက် တိုက်ပွဲဖော်ဆောင်မှု သတင်းတွေ ငြိမ်သက်သွားခဲ့ပါတယ်။
NUG လက်အောက်ခံ ပုလဲမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့နဲ့ ဗိုလ်နဂါးတပ်ကြား အငြင်းပွားမှုတွေက ၂၀၂၂ ခုနှစ် ဝန်းကျင်ကတည်းက အစပျိုးခဲ့ပြီး အပြန်အလှန်စွပ်စွဲမှုတွေ၊ မြေပြင်အငြင်းပွားမှုတွေနဲ့ စခန်းစီးနင်းမှုတချို့ပါ ဖြစ်ခဲ့ပါတယ်။
အခု ဖေဖော်ဝါရီ ၁၉ ရက် ဗိုလ်နဂါးလက်နက်ချချိန် စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်မှုတွေ မလုပ်လိုတော့တာ၊ နိုင်ငံတော်နဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်လာလို့ ဥပဒေဘောင်အတွင်း ဝင်လာဆိုပြီး ဖော်ပြခဲ့ပါတယ်။