စစ်တွေမှာ အရွက် ၈၀ ပါ ကွမ်းတဗီယာ (တစည်း) ကို ခုနှစ်သောင်းအထိ ဈေးမြင့်တက်

အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ အခုရက်ပိုင်းအတွင်း ကုန်တင်လေယာဥ် မဆင်းသက်ခဲ့တာကြောင့် အရွက် ၈၀ ပါ ကွမ်းတဗီယာကို ငွေကျပ် ခုနှစ်သောင်းခန့်အထိ ဈေးမြင့်တက်ခဲ့တယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အဲဒါတော့ မပြောတတ်ဘူး။ လေယာဉ် ၄၊ ၅ ရက်မလာဘူးဆိုပြီးတော့ အသံထွက်နေတယ်။ လေယာဉ်ဆိုတာ စားသောက်ကုန်တွေတင်တဲ့ လေယာဉ်ကို ပြောတာနော်။ အသီးအနှံတွေပါမယ်။ စားသောက်ကုန်တွေ။ လူနဲ့မတင်ပဲနဲ့ ရှပ်တာနဲ့ တင်တာရှိတယ်။ အစားအသောက်တွေ သပ်သပ်ရောင်းဖို့အတွက် တင်တဲ့လေယာဉ်။ အဲဒီလေယာဉ်မလာတော့ ကွမ်းက တဗီယာကို တပိဿမဟုတ်ဘူး တဗီယာကို ခုနှစ်သောင်းကျော်တယ်။ သူက အရွက်နဲ့ရေတာ။ အရွက် ၈၀ ဆိုရင် တဗီယာ။ (အရင်က) ၇၀၀၀, ၈၀၀၀, ၁၀၀၀၀ အများဆုံးပဲ။ ဒီမှာက ကွမ်းတွေတော်တော် စားတာကို။ ကိုယ်တွေသာမစားတာ။ စားတဲ့သူတွေဆို အမြဲတမ်းစားတယ်။ အခု တထောင်ဖိုးမှ ၃ ယာတို့ အဲဒီလိုမျိုးတွေ ဖြစ်သွားတယ်” လို့ သူက ပြောပါတယ်။

တချို့ ကွမ်းလုပ်ငန်းလုပ်ကိုင်သူတွေဟာ ကွမ်းရွက်တွေကို တက်ဈေးနဲ့ ရောင်းဖို့ သိမ်းဆည်းထားကြ ကြောင်း၊ ဒါပေမယ့် ကွမ်းရွက်တွေဟာ ကြာရှည်မခံတဲ့ အမျိုးအစားဖြစ်တာကြောင့် အခုလက်ရှိမှာ တချို့ကွမ်းလုပ်ငန်းလုပ်ကိုင်သူတွေဟာ ဈေးလျှော့ပြီး ရောင်းလာနေကြကြောင်းလည်း သိရပါတယ်။

စစ်တွေမြို့က မြို့နေလူထုအများစုဟာ ကွမ်းကို တနေ့ကို အနည်းဆုံး ၅ ယာမှ ၁၀ ယာအထိ စားကြသလို အများဆုံးဆိုပါက အယာ ၂၀ မှ ၄၀ အထိ စားတတ်ကြကြောင်းလည်း သိရပါတယ်။

လက်ရှိမှာတော့ ကုန်တင်လေယာဉ် မဆင်းသက်တာဟာ ၃ ရက်ခန့်ရှိပြီဖြစ်တယ်လို့လည်း ကွမ်းလုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာ စက်သုံးဆီတွေဟာလည်း တထောင်ကျပ် ဈေးထပ်မြင့်တက်နေပြီး တလီတာကို တသောင်းခုနှစ်ထောင်ခန့်ရှိတယ်လို့ သိရပါတယ်။

Related posts

မင်းတုန်း ရက္ခိုင် ကုန်ပို့တဲ့လမ်းပေါ် စကမ ဗုံးကြဲ၊ ရက္ခိုင်ကုန်သည် ၂၀ ခန့် သေဆုံး(Breaking News)

ULA/AA နှင့် ထောက်လှမ်းရေးအခန်းကဏ္ဍ

တိုက်ပွဲပြင်းထန်နေလို့ ကျောက်ဖြူက ဓာတ်အားပေးစက်ရုံတရုံ ပြောင်းရွှေ့