ရက္ခိုင်မှာ ဘိန်းစာရွက် လက်ဝယ်တွေ့ရှိပါက ထောင် ၅ နှစ် ချမှတ်မည်

အာရက္ခတိုင်းမ်စ် (၆ မတ် ၂၀၂၆)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် အာရက္ခဒေသမှာ ဘိန်းစာရွက်ပင်တွေကို လက်ဝယ်တွေ့ရှိရင် ထောင်ဒဏ် ၅ နှစ် ချမှတ်မယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အာဆီယံပင်လို့ခေါ်တဲ့ ဘိန်းစာရွက်ပင်တွေကို ရက္ခိုင်ပြည်မှာ လူငယ်တော်တော်များ သုံးပြုမှု မြင့်တက်လာနေပြီး အာရက္ခတပ်တော်ဘက်ကလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကစပြီး လိုက်လံရှင်းလင်းနေသလို သုံးစွဲမှု တားမြစ်တာတွေလည်း လုပ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဘိန်းစာရွက်ကို စိုက်ပျိုးတာဖြစ်ဖြစ်၊ လက်ဝယ်တွေ့ရှိတာဖြစ်ဖြစ်၊ အသုံးပြုတာဖြစ်ဖြစ် တွေ့ရှိရင် ထောင်ဒဏ် ၅ နှစ် ချမှတ်မယ်လို့ ဒေသန္တရ အမိန့် ထုတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘိန်းစာရွက်အပင်တွေကို ရက္ခိုင်ပြည်က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်စတဲ့ မြို့နယ်တွေမှာ အများဆုံးစိုက်ပျိုးကြပြီး ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ သုံးစွဲမှု များပြီး အရက်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာလည်း ရောင်းချနေကြတာ ဖြစ်ပါတယ်။

အာဆီယံခေါ် ဘိန်းစာပင်ကို ရက္ခိုင်ပြည်က လူကြီး၊ လူငယ်မကျန် စိတ်ထွက်ပေါက်တခုအနေနဲ့ သုံးစွဲနေကြတာဖြစ်ပြီး အခုဆိုရင် အာရက္ခတပ်တော်က ဘိန်းစာပင်တွေကို လိုက်လံရှင်းလင်းနေတာကြောင့် ဈေးနှုန်းဟာဆိုရင်လည်း အဆမတန် မြင့်တက်နေပြီး ဘိန်းစာပင် တပိဿာကို ငွေကျပ် ၂ သိန်းအထိ ပေါက်ဈေးရှိနေပါတယ်။

အာရက္ခဒေသမှာ ဘိန်းစာရွက်ကို အရည်ကြိုပြီး အာဆီယံ မူးယစ်ဆေးဝါးအဖြစ် သုံးစွဲကြပြီး ခဏတာ အသုံးပြုချိန်မှာ ခန္ဓာကိုယ် လန်းဆန်းစေပေမယ့်လည်း ရေရှည်သုံးရင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်ပေါ်ပြီး အသည်းနဲ့ ကျောက်ကပ် ပျက်စီးတာ၊ မှတ်ဉာဏ်အားနည်းတာနဲ့ ကင်ဆာဖြစ်စေတာ စတဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ဆိုကြပါတယ်။

Related posts

■ အာရှမှာ တရုတ်ကို ပါဝါညှိမယ့် အမေရိကန်အစီအစဉ် အီရန်စစ်ပွဲကြောင့် မြောင်းထဲရောက်ရပြီ

မတ်လ ၂ ရက် လွတ်ငြိမ်းတွင် ရက္ခိုင်တွင် နိုင်ကျဉ်း နှစ်ဦးသာပါ

မောင်တောတွင် ၂ နှစ်ကျော် ကာလအတွင်း အကြမ်းဖက်အဖွဲ့အစည်းများက ဒေသခံ ၁၆၂ ဦး သတ်ဖြတ်၊ ၂၂ ဒဏ်ရာရ