အာရက္ခတိုင်းမ်စ် (၇ မတ် ၂၀၂၆)
ရက္ခိုင်ပြည် ပေါက်တောမြို့နယ်ကို စစ်ကော်မရှင်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“ ဗုံး တဝ ကြဲနေပါရေ အကို ပေါက်တောမှာ” လို့ ဒေသခံသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ စစ်တွေမြို့ အမှတ် ၁၂ ရဲတပ်ရင်းကနေ မနေ့ည (၆ မတ်) ၉ နာရီကျော်အချိန်က စတင်ကာ လက်နက်ကြီးတွေနဲ့ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းဖက်ကို အဆက်မပြတ် ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အလားတူ စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာတစီးကလည်း ပေါက်တောမြို့နယ်အတွင်းကို ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
“ ညက သီတင်းကျွတ်ပွဲတော်အလား အောက်မေ့ရတယ်။ ကြားလိုက်ရတဲ့ ပစ်ခတ်သံတွေဟာလေ။ တညလုံး ကောင်းကောင်း မအိပ်လိုက်ရဘူး။ အခုတော့ အသံနည်းနည်း ငြိမ်သွားပြီ” လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်အနေနဲ့ အခုလို အသဲအသန် ပစ်ခတ်နေတာဟာ အာရက္ခတပ်တော်က ရွှေမင်းဂံရေတပ်စခန်းနဲ့ ဇော်မဒက်ရွာ အနီးရှိ တပ်စခန်းအချို့ကို သိမ်းပိုက်လိုက်တယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။