စစ်တွေပြည်သူ့ဆေးရုံက‌ ဆေးတွေကို စကမက စစ်ဆေးရုံကို ယူသွား

အာရက္ခတိုင်းမ်စ် (၁၅ မတ် ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကော်မရှင်တပ်တွေက စစ်ဆေးရုံကို ယူသွားကြတယ်လို့ စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်တွေက ရေတပ်ဌာနကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်တွေ ပြည်သူ့ဆေးရုံရဲ့ သိုလှောင်ရုံကို ကျရောက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ မပေါက်ကွဲဘဲ ရှိနေတာကြောင့် စစ်ကော်မရှင်တပ်သားတွေက လာရောက်ယူဆောင်စဉ် ဆေးရုံမှာရှိတဲ့ ဆေးပစ္စည်းတွေကိုပါ ယူဆောင်သွားတာ ဖြစ်တယ်လို့ စစ်တွေမြို့ဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဆေးရုံက ဆေးတွေကို သူတို့ သယ်သွားတယ်။ လက်နက်ကြီးကျည်ကို လာယူတုန်းကလို့တော့ ပြောတယ်။ ဘယ်ကို သယ်သွားလဲတော့ မသိဘူး။ ထင်တာတော့ သူတို့ စစ်ဆေးရုံကို ထင်တာပဲ။ ဒီမှာ ဆေးတွေ ဘာမှ မရှိတော့ဘူး” လို့ ပြောပါတယ်။

စစ်ကော်မရှင်တပ်က ဆေးရုံက ဆေးဝါးပစ္စည်းတွေကို ယူဆောင်သွားတာကြောင့် ဒေသခံပြည်သူတွေ ဆေးရုံသို့ ဆေးကုသသွားတဲ့အချိန်မှာ လိုအပ်ချက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ပြည်သူ့ဆေးရုံမှာ ဆေးဝါးပစ္စည်း လုံလုံလောက်လောက် မရှိဘဲ အပြင်ကနေသာ ဝယ်ယူသုံးစွဲနေကြရတယ်လို့ သိရပါတယ်။

အဲဒါအပြင် လက်ရှိမှာ စစ်တွေမြို့မှာ စက်သုံးဆီဈေးနှုန်းဟာ တလီတာကို ကျပ် ၄ သောင်းနီးပါး ရောက်ရှိနေတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာနေပြီး ကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းတွေ အဆမတန် ဈေးနှုန်းမြင့်တက်မှာနဲ့ ပြတ်လပ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Related posts

ကျောက်ဖြူစစ်ရှောင်တွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာ လှူဒါန်း

လာမယ့်အခင်းအကျင်းမှာ ရက္ခိုင်အရေးကို သေချာမဆွေးနွေးလို့မရဘူး

ရက္ခိုင်ပြည်သူတွေ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရန်နဲ့ လိုက်နာရန် AA တိုက်တွန်း