အာရက္ခတိုင်းမ်စ် (၁၈ မတ် ၂၀၂၆)
ဧရာဝတီတိုင်းက အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်မျက်နှာပြင်က ဒဏ်ရာရရှိသူတွေကို ပုသိမ်တွင် ဆေးကုသပေးနေပြီး သေဆုံးသွားတဲ့သူတွေကိုတော့ လုံခြုံရေးယူပြီး မီးသင်္ဂြိုလ်ပေးနေတယ်လို့ သိရပါတယ်။
“ ပုသိမ်က နတခ-မဆရ (၄) မှာ ဧရာဝတီစစ်မျက်နှာပြင်က ဒဏ်ရာရတဲ့သူတွေကို ဆေးကုသပေးနေတယ်” လို့ ပုသိမ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ တိုက်ပွဲအတွင်း သေဆုံးသွားသူတွေကိုတော့ စစ်ကော်မရှင်က ရွှေမြင်တင်မီးသင်္ဂြိုလ်စက်မှာ လုံခြုံရေးယူကာ တိတ်တဆိတ် သင်္ဂြိုလ်ပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ မတ်လ ၁၇ ရက်ကလည်း ဆေးကုသမှုခံယူနေတဲ့ စစ်ခွေအရာရှိတကောင် သေလို့ နတခဝန်းထဲက အရာရှိအိမ်ယာရှေ့မှာ လမ်းပိတ် လုံခြုံရေးချပြီး ဘုန်းကြီးတရားနာတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
အလားတူ ရှေ့တန်းစစ်မြေပြင်တွင် ထိခိုက်ဒဏ်ရာရရှိတဲ့ တပ်သားများ အသေအဆုံးများနေတဲ့အတွက် ရွှေမြင်တင်မီးသဂြိုလ်စက်ကို တနေ့လျှင် ၂ လောင်း ၃ လောင်းခန့် ရက်ဆက် ပို့ဆောင်သင်္ဂြိုလ်နေရလို့လည်း သတင်းအထူးတပ်ဖွဲ့ – ပုသိမ် က ဆိုပါတယ်။